ပုဂ္ဂလိကသတင်းစာ ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ထုတ်ဝေနိုင်မည်လို့ မျှော်လင့်

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ စတင် ထုတ်ဝေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြန်ကြားရေး ဝန်ကြီးသစ် ဦးအောင်ကြည်က မနေ့က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အစိုးရပိုင် သတင်းစာတွေကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ တွဲဖက်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က မြန်မာတိုင်း(မ်) စာစောင်ကို ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီ နိုင်ငံမှာ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ ယုံကြည်ကြောင်းလည်း ပြန်ကြားရေး ဝန်ကြီးသစ်က ပြောဆိုပါတယ်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ အပြောင်းအလဲတွေ မလုပ်မီ ပုဂ္ဂလိက သတင်းလုပ်ငန်း ကဏ္ဍနဲ့ ပတ်သက်တဲ့ အခြေခံ စည်းမျဉ်းတွေကို ဆွေးနွေးဖို့ ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်အချိန်လောက်မှာ ပုဂ္ဂလိက သတင်းစာတွေ စတင်နိုင်မယ်ဆိုတာ တိတိကျကျ ပြောဆိုဖို့ကိုတော့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က ငြင်းဆိုခဲ့ပါတယ်။