ပုဂ္ဂလိက သတင်းစာ ၄ စောင် စတင်ထုတ်ဝေ


2013.04.01
newspaper-305.jpg ဧပြီလ ၁ ရက်နေ့က စတင်ထုတ်ဝေတဲ့ ပုဂ္ဂလိက သတင်းစာတွေထဲက စံတော်ချိန်နဲ့ ပြည်ထောင်စု နေ့စဉ် သတင်းစာတွေကို တွေ့ရစဉ်
photo: RFA/ Nay Myo Htun

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရာကနေ ဒီနေ့ဧပြီလ ၁ ရက်နေ့ကစပြီး နေ့စဉ်သတင်းစာ ၄ စောင်ကို စတင်ထုတ်ဝေကြပြီဖြစ်ပါတယ်။

The Voice နေ့စဉ်၊ ပြည်ထောင်စု နေ့စဉ် ၊ စံတော်ချိန် နေ့စဉ်နဲ့ ရွှေနိုင်ငံသစ် နေ့စဉ် သတင်းစာတွေကို ဒီနေ့စတင် ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ The Voice ကတော့ အရင်အပတ်စဉ်ဂျာနယ် ထုတ်ဝေနေတာဖြစ်ပြီး ပြည်ထောင်စု နေ့စဉ် သတင်းစာကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ထုတ်ဝေတာလို့ ပြောကြပါတယ်။ ဒါ့အပြင် စံတော်ချိန် နေ့စဉ် သတင်းစာက ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Three Friends Company က ထုတ်ဝေတာဖြစ်သလို ရွှေနိုင်ငံသစ် နေ့စဉ် သတင်းစာက ရွှေနိုင်ငံ ပုံနှိပ်ထုတ်ဝေရေးက ထုတ်ဝေတာလို့ သိရပါတယ်။

သတင်းစာလွတ်လပ်ခွင့် ရရှိလာတာနဲ့ တပြိုင်နက် အခက်အခဲတွေလည်း တပြိုင်နက်တည်း ရင်ဆိုင်နေရသလို နေ့စဉ်ထုတ်ဝေရတာဖြစ်တဲ့အတွက် အရည်အသွေးပိုင်းနဲ့ ဈေးကွက် နေရာရယူဖို့ အခက်အခဲရှိတယ်လို့ ထုတ်ဝေသူတချို့က ပြောပါတယ်။

စတင်ထုတ်ဝေတဲ့ ဒီနေ့မှာ ဝယ်ယူဖတ်ရှုသူတွေများတာကြောင့် နာရီပိုင်းအတွင်းမှာပဲ သတင်းစာတွေ ရောင်းကုန်သွားတယ်လို့လည်း ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို ၁၉၆၄ ခုနှစ်က စတင်ပိတ်ပင်လိုက်တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပုဂ္ဂလိက သတင်းစာ ၁၆ စောင် စတင်ထုတ်ဝေခွင့် ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေတဲ့ ဒီလှိုင်းသတင်းစာနဲ့ တခြားခွင့်ပြုချက်ရထားပြီးသား သတင်းစာတွေကတော့ ဖြန့်ဖြူးရေးနဲ့ တခြားအခက်အခဲတွေကြောင့် အချိန်ကြန့်ကြာဦးမယ်လို့ သိရပါတယ်။

လာမယ့် နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၆ ရက်နေ့မှာ (၇) ရက် နေ့စဉ် သတင်းစာနဲ့ မေလ ၃ရက်နေ့မှာ The Daily Eleven နေ့စဉ်သတင်းစာတွေ ထွက်ရှိလာဖို့ရှိတယ်လို့ သိရပါတယ်။

ဒီနေ့စတင်ထုတ်ဝေတဲ့ သတင်းစာတွေအကြောင်းကို RFA သတင်းထောက် မရတနာဦးက စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စု နေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဗိုလ်မှူးဟောင်း ဦးဝင်းတင်ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။