ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်မှာ ကြိုတင်စည်းရုံးနေ

ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးတဲ့နောက်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ အခုကတည်းက အများပြည်သူပိုင် ဓမ္မာရုံ၊ စာကြည့်တိုက်တွေ အသုံးပြုပြီး စည်းရုံးဟောပြောနေပြီလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ သတင်းပို့ကြတဲ့ အချက်အလက်အရလေ၊ ညနေပိုင်း ကျွန်တော်တို့ဆီကျတော့ ညပိုင်းလောက်ပဲ မီးလာတာကိုး၊ ၇ နာရီကနေ ၁၁ နာရီကြားပဲ မီးရပါတယ်။ ၇ နာရီလောက်မှာ တချို့ ဓမ္မာရုံတို့၊ တချို့က စာကြည့်တိုက်တို့ကို တချို့ဆိုရင် အဲဒီ ဘုရား ပရဝုဏ်၊ ဘုရား ပရဝုဏ်လည်း ပါပါတယ်။ ဟို အဲဒါတွေမှာ သူတို့ ကြိုတင်ပြီးကာမှ မြို့နယ်က ရပ်ကွက်ကပေါ့နော်၊ လူထုကို ဖိတ်ပြီးကာမှ အခမ်းအနား လုပ်တယ်၊ ကိုယ်စားလှယ်လောင်းတွေကလေ တဦးချင်း စကားပြောကြတယ် ဆိုတာတော့ ကျွန်တော်တို့ ကြားပါတယ်ခင်ဗျ။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေကို လိုက်နာမှာ ဖြစ်ပြီး သတ်မှတ်တဲ့ အချိန်ရောက်မှ စည်းရုံးရေးလုပ်ငန်းတွေ စတင်မှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြဌာန်းချက်တွေအရဆိုရင် ပါတီကိုယ်စားလှယ်လောင်းတွေဟာ အများပြည်သူကို စည်းရုံးဟောပြောဖို့ သက်ဆိုင်ရာ ကော်မရှင်ရုံးတွေဆီ တပတ်ကြို အကြောင်းကြားရပြီး ခွင့်ပြုချက်ယူရပါတယ်။ ဒါပေမဲ့ အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ လိုက်နာတာမျိုး မရှိသလို ကော်မရှင်ဘက်ကလည်း အရေးယူ ဆောင်ရွက်တာမျိုး မရှိဘူးလို့ ပြိုင်ဖက် နိုင်ငံရေးပါတီတွေက ပြောဆိုနေကြပါတယ်။