နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ ဆေးခန်းကို လူတချို့ ဆန္ဒပြ

ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ရဲ့ AZG ဆေးခန်း စစ်တွေမြို့ မှာ ဒီကနေ့ မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာကို မြို့ခံလူထု ၂၀ ကျော်က အဲဒီဆေးခန်းရှေ့မှာပဲ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

2012.10.18
နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ AZG ၏ စစ်တွေမြို့ ဆေးခန်းရှေ့တွင် ဆန္ဒပြနေသူများကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဒီဆေးခန်းကို ယာယီ ပိတ်ထားခဲ့ပြီး စစ်တွေမြို့ အမှတ်-၁၇၊ ကမ်းနားလမ်း၊ မိဇံရပ်ကွက်မှာ ရှုခင်းသာ အမည်နဲ့ ဒီကနေ့ မနက်ပိုင်းက ဆေးခန်း ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကိုကျော်ဇောဦးက RFA ကို အခုလို ပြောပါတယ်။

"ဟိုးကတည်းက အမြဲတမ်း ဘက်လိုက်ပြီးတော့ ရခိုင်တွေကို ဘာမှမကူညီဘူး။ ကူညီတယ်ဆိုရင်လည်း အပြသဘောပဲ ကူညီတယ်။ ပြီးတော့ ဘင်္ဂါလီတွေကို အဓိက ထောက်ပံ့ လှုပ်ရှားပေးနေတဲ့ AZG အဖွဲ့ ကျွန်တော်တို့ကလည်း ဘာမှပြောစရာ မလိုပါဘူး။ အဲဒီတော့ လူထုအနေနဲ့ သူ့အလိုလို ဒီလို ဆေးခန်းလေး တစ်ခန်း လာဖွင့်တယ်ဆိုတာ သူတို့က ဒီ HIV/AIDS ရောဂါသည်တွေကို ငါတို့ လုပ်ပေးပါတယ် ဆိုတဲ့ ဥစ္စာလေးနဲ့ သူက ခြေကုပ်ယူပြီးတော့ ဟိုကဝင်လာတဲ့ ဘင်္ဂါလီဘက်ကို သူတို့က အဓိက အားပေးချင်တယ်။ အဲဒီလို လုပ်ကိုလုပ်ဖို့ ဆိုပြီးတော့ ဒီက ရခိုင် Community က လူတွေက သဘောပေါက်တဲ့ အတွက် ဒါကို တားဆီးရမယ်ဆိုတဲ့ သဘောနဲ့ တားကြတာ ဖြစ်ပါတယ်။"

အခုလို AZG ဆေးခန်း ဖွင့်လှစ်တာကို မြို့ခံလူထုက ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ အတွက် ဒီကနေ့ ဆေးခန်း ဖွင့်လှစ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်လို့လည်း သိရပါတယ်။

ဟော်လန်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ AZG ဆေးခန်းတွေကို ရခိုင်ပြည်နယ် အတွင်း HIV ဝေဒနာရှင်တွေနဲ့ ငှက်ဖျား တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်တွေ အတွက် ၁၉၉၄ ခုနှစ်တည်းက  စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဆေးခန်းအားလုံးကို ယာယီပိတ်ထားခဲ့ရပါတယ်။

ဒါ့အပြင် ဒီအဖွဲ့အနေနဲ့  ပဋိပက္ခတွေနဲ့ တစ်နည်းတစ်ဖုံ ဆက်နွယ်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲ အကြောင်းပြချက်နဲ့ အစိုးရက ဦးကျော်လှအောင် အပါအဝင် ဝန်ထမ်းအချို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး များမကြာခင်က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။