ခေတ်နဲ့မညီတဲ့ ဥပဒေများ ဖျက်သိမ်းဖို့ စစ်ကိုင်းမြို့မှာ ဆန္ဒပြ

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နဲ့ စုဝေးခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အပါဝင် ဒီမိုကရေစနစ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေ ဖျက်သိမ်းပေးဖို့ စစ်ကိုင်းမြို့ခံ ၁၀၀ လောက်က ဒီကနေ့ မနက်ပိုင်းက စစ်ကိုင်းမြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဧရာဝတီမြစ်ကမ်းနားမှာရှိတဲ့ တကောင်းရပ်ကွက်ကနေ မြို့ရဲ့မြောက်ဘက်မှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအထိ ချီတက်ဆန္ဒပြခဲ့ ကြတာပါ။ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ဦးသန်းထိုက်ဦးက RFA ကို အခုလိုပြောပါတယ်။

"နိုင်ငံသား အခွင့်အရေးတွေကို ချိုးဖောက်ထားတဲ့ ပုဒ်မ ၁၈ ရယ်၊ ပုဒ်မ ၅ဝ၅(ခ) ရယ်၊ ပုဒ် ၁ဝ(ခ)ရယ်ကို အပြီးအပိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒဖော်ထုတ်ပွဲလေးပါ"

ဒီဆန္ဒပြပွဲဟာ တရားဝင်ခွင့်ပြုချက်နဲ့ ပြုလုပ်တာဖြစ်ပြီး ပုဒ်မ ၁၈ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဖျက်သိမ်းပေးဖို့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းက ဦးဆောင်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ အပါဝင် ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေတွေ ဖျက်သိမ်းဖို့ ရန်ကုန်မြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။