ထိုင်းမှာ မြန်မာနိုင်ငံသားတွေ ဖိနှိပ်ခံရမှု အကာအကွယ်ပေးဖို့ ဆန္ဒပြတောင်းဆို

0:00 / 0:00

ထိုင်းနိုင်ငံ မဟာချိူင်မြို့မှာ မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခဲ့ရတဲ့အမှုကို ထိုင်းအစိုးရက ဥပဒေအတိုင်း အရေးယူပေးဖို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) သံဃာတော်တွေက တောင်းဆို လိုက်ပါတယ်။

ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ မဘသ သံဃာတော်တွေနဲ့ မြန်မာ့အမျိုးသားကွန်ရက်အဖွဲ့က ဆန္ဒပြတောင်းဆို လိုက်ကြတာဖြစ်ပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မြန်မာအမျိုးသမီးအပါဝင် ဖိနှိပ်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ မြန်မာ့အမျိုးသာရေးကွန်ရက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က ပြောပါတယ်။

"တောင်းဆိုတာကတော့ ကလေးမလေးကို မုဒိန်းကျင့်လိုက်တဲ့ ၆ ဦးကို ထိထိရောက်ရောက် ဖမ်းဆီးအရေး ယူပေးဖို့ နောက်နော်ဒီလိုအဖြစ်တွေ ဖြစ်လာခဲ့ရင်လည်း သူတို့အနေနဲ့ ထိရောက်စွာ အရေးယူဆောင် ရွက်ပေးဖို့ နောက်တခါ အရင်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေလည်း အများကြီးရှိတယ်၊ အဲ့အပေါ်မှာလည်း ကျနော်တို့တွေက တောင်းဆိုပါတယ်၊ စုံစမ်းဖော်ထုတ်အရေးယူပေးပါ၊ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ ရပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေးပါလို့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျနော်တို့က တောင်းဆို တာဖြစ်ပါတယ်"

မြန်မာအမျိုးသမီး မအိမ့်ချစ်ပိုင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ထိုင်းအမျိုးသား ၆ ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ သိရပြီး လက်ရှိအချိန်အထိ အမှုကျူးလွန်သူ ၆ ဦးထဲက ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိထားတယ်လို့ ဆန္ဒပြသူတွေ က ပြောပါတယ်။

ဒီဆန္ဒပြပွဲကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က ဆရာတော်တွေနဲ့ မြန်မာ့အမျိုသားကွန်ရက် အဖွဲ့ဝင်တွေ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး အဓမ္မပြုကျင့်ခံရမူကို ကန့်ကွက်ကြောင်း မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရကို တရားဝင် အကြောင်းကြားစာပေးပို့ဖို့လိုတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီစောင့်ရှောက်ပေးဖို့ တောင်းဆိုတဲ့စာကိုလည်း ရန်ကုန်မြို့က ထိုင်းသံရုံးကို ဒီနေ့သွားရောက်ပေးပို့မယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေးကို မြန်မာသံရုံးက ဝင်ရောက်ကူညီပေးတာတွေ ရှိလာပေမယ့်၊ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံမှုကင်းမဲ့နေတဲ့ အခြေအနေတွေကတော့ သိသာတဲ့ အပြောင်းအလဲမရှိသေးဘူးလို့ ကူညီနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ညွှန်ကြားရေးမှူး ဦးကျော်သောင်းကို RFA အဖွဲ့သူ ဒေါ်ခက်မာ ဆက်သွယ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။