မြစ်ဆုံစီမံကိန်းကုမ္ပဏီ အမြန်ထွက်ခွာဖို့ ဒေသခံများတောင်းဆို

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို အကောင်အထည် ဖော်ခဲ့တဲ့ တရုတ်နိုင်ငံ CPI ကုမ္ပဏီကို မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကနေ အမြန်ဆုံး ထွက်ခွာပြီး မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ ဒေသခံပြည်သူတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2012-10-04
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
save-irrawaddy-hat-305
ဧရာဝတီမြစ် ထိမ်းသိမ်းစောင့်ရှောက်ရေး၊ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ရေးတို့ အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ ပြုလုပ်ခဲ့သော ရန်ကုန်မြို့က ဆန္ဒပြပွဲတခုတွင် လှုံ့ဆော်ရေး စာတန်းပါ ခမောက်ဆောင်းထားသူ တဦးကို တွေ့ရစဉ်။
AFP

တန်ဖရဲ-မြစ်ဆုံကျေးရွာ၊ မာရီးယား ကောင်းကင်ဘုံသခင်မ ကက်သလစ်ဘုရားကျောင်းမှာ ကချင်ပြည်နယ် ကက်သလစ် အသင်းတော်က ဒီကနေ့ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ရပ်ဆိုင်းလိုက်တဲ့ မြစ်ဆုံစီမံကိန်း ၁ နှစ်ပြည့် အခမ်းအနားမှာ ဖာသာရ်နော်ဒင်းက ပြောဆိုပါတယ်။

"CPI နဲ့ အေးရှားဝေါလ် ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်း လုပ်ငန်း အားလုံးကို လုံးဝရပ်ဆိုင်းပြီး အလျင်အမြန် ထွက်ခွာသွားဖို့ရန် ကျွန်တော်တို့ ပြည်သူပြည်သားများက တောင်းဆိုလိုပါတယ်။ မြစ်ကြီးနားမြို့ စီတာပူ MD-၅၆ မှာ ဖွင့်လှစ်ထားတဲ့ CPI ရုံးကိုလည်းပဲ အမြန်ဆုံး ပိတ်စေလိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဤရုံးမှ ပြန်လည်တည်ဆောက်ဖို့ရန် ကြိုးစားနေတာကို သိရတဲ့အခါမှာ ကျွန်တော်တို့ ပြည်သူပြည်သားများမှ အလွန်စိတ်မချမ်းမသာ ဖြစ်ရတဲ့အတွက်ကြောင့်  ဤမြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝ ရပ်ဆိုင်းပြီး အမြန်ဆုံး ထွက်ခွာဖို့ရန် ကျွန်တော်တို့ ပြည်သူပြည်သားများမှ ယနေ့ တောင်းဆိုပါတယ်။"

မြန်မာနိုင်ငံမှာ ဒီစီမံကိန်းကြောင့် မြစ်ဆုံပတ်ဝန်းကျင်မှာ ရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်တွေကို ဆိုးဝါးစွာ ထိခိုက်စေမှာ ဖြစ်တယ်လို့ ဖာသာရ်နော်ဒင်း က RFA ကိုပြောပါတယ်။
မြစ်ဆုံစီမံကိန်းကြောင့် အဓမ္မ ပြောင်းရွှေ့ခံလိုက်ရတဲ့ တန်ဖရဲရွာသူ ဒေါ်ဂျာခေါန် ကလည်း လက်ရှိ ယာယီ အခြေချနေထိုင်တဲ့ အောင်မြင်သာရွာမှာ ရှာဖွေစားသောက်ရတာတွေ ခက်ခဲတာကြောင့် သူတို့ရဲ့ မူလရပ်ရွာတွေမှပဲ ပြန်လည် နေထိုင်ချင်တယ်လို့ ပြောပါတယ်။

"တကယ် အောင်မြင်သာရွာမှာ နေထိုင်ရတာ တော်တော်လေး အခက်အခဲ ရှိပါတယ်။ အခု မိုးရွာပြီ ဆိုရင်လည်း လေတိုက်တာနဲ့ဆို သွပ်တွေလည်း လှန်ကုန်တယ်။ အိမ်အထဲမှာဆို မိုးယိုတယ်။ သီးနှံစိုက်ပင်တွေ လုပ်မယ်ဆိုလည်း စိုက်စားလို့ မရဘူး။ အဲ့ဒါကြောင့် ကျွန်မတို့ရဲ့ မူရင်း တန်ဖရဲကျေးရွာကို အမှန်တကယ်ပဲ ပြောင်းရွှေ့ နေချင်ပါတယ်။ ကျွန်မတို့လယ်တွေ ဆိုရင်လည်း အခုအချိန်ထိ အစားလည်း မရဘူး။ ပြန်လာလုပ်မယ် ဆိုရင်လည်းကျွန်မတို့ လောလာဆယ်ရွာကို သွားလာခွင့် မပေးသေးဘူး။"
အခုလ ၃၀ ရက်နေ့ကလည်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်ပတ်လည် အခမ်းအနားကို ဒေသခံ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီး ကက်သလစ် ဘုန်းတော်ကြီးတွေနဲ့ ပြည်သူ ၃၀၀ တက်ရောက်ခဲ့ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

If U Thein Sein's Government cannot handle above case, KIA / KIO should drive CPI and Asia World out of Country.

Oct 13, 2012 05:43 AM