၁၉၉၁ က မတရား အလုပ်ဖြုတ်ခံရသူ တစ်ကိုယ်တော် ဆန္ဒပြမည်

၁၉၉၁ ခုနှစ်တုန်းက မတရား အလုပ်ဖြုတ်ခံခဲ့ရတဲ့ သကြားစက်ရုံ ဝန်ထမ်းဟောင်းတစ်ဦးက အလုပ်ဖြုတ်ခံရတာကို မကျေနပ်တဲ့အတွက် လာမယ့် နိုဝင်ဘာ ၁၁ရက်နေ့မှာ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြမယ်လို့သိရှိရပါတယ်

လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က ပဲခူးတိုင်း ဖြူးမြို့နယ် ဇေယျဝတီ သကြားစက်မှာရုံးအုပ်ကြီးရာထူး တာဝန်ထမ်းဆောင်နေစဉ် အဲဒီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူတွေက အချက် ၃၃ ချက်ပါတဲ့ မေးခွန်းတွေကို ဖြေဆိုခိုင်းခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံပါသလားဆိုတဲ့ မေးခွန်းကို ထောက်ခံပါတယ်လို့ ဖြေဆိုခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရတာလို့ သိရပါတယ်။

အခုတော့ အဲဒီအဖြစ်ကိုဖော်ထုတ်လိုတဲ့အတွက် တစ်ကိုယ်တော်ဆန္ဒပြရတာပါလို့ ဆန္ဒပြမယ့် ဦးလှသောင်းက RFA ကို ဒီကနေ့ပြောပါတယ်။

၁၉၉၁ ခုနှစ်တုန်းက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဌာနပေါင်းစုံကဝန်ထမ်းတွေဟာ လျှို့ဝှက်လို့ရေးထားတဲ့ မေးခွန်း ၃၃ ခုကို ဖြေဆိုခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံပါတယ်လို့ ဖြေဆိုမိတဲ့ ဌာနပေါင်းစုံက ဝန်ထမ်း အနည်းဆုံး ၁ သောင်းကျော်လောက် အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။