စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ဝင်တွေ နှုတ်ထွက်ဖို့ တစ်ကိုယ်တော် ဆန္ဒပြ

ပြီးခဲ့တဲ့ အစိုးရလက်ထက် စစ်ကိုင်းမြို့ ကိုင်းပြင်ကျေးရွာ ဧရာဝတီမြစ်ပေါ်က မြေနုကျွန်းကို ဥပဒေမဲ့ အလွဲသုံးစားလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ခဲ့တာကို အရေးယူခြင်းမရှိသေးတဲ့ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တချို့ကို ရာထူးကနေဖယ်ရှားပေးဖို့ ဒီနေ့ စစ်ကိုင်းမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

လက်ရှိဝန်ကြီးချုပ်ဟာ အမှုမှန်ပေါ်ပေါက်နေတာကို အရေးမယူသေးတဲ့အတွက် အခုလို ဆန္ဒဖော် ထုတ်ရတာလို့ စစ်ကိုင်းမြို့ တကောင်းရပ်ကွက် NLD ဥက္ကဌ ဦးသန်းထိုက်ဦး က ပြောပါတယ်။

"စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာ ဒီလိုမျိုးပေါ်လွင်နေတာတောင်မှ သိနေတာတောင်မှာ အရေးမယူ ဘူးဆိုရင် ဒါသူကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရက်တစ်ရာ စီမံချက်ကို အာခံတယ်၊ ယုံကြည်ချက် မရှိဘဲနဲ့ လုပ်သလိုဖြစ်နေတယ်၊ ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေကို ၂ဝဝ၈ အခြေခံဥပဒေ နဲ့အညီ နိုင်ငံတော်သမ္မတက ဖြုတ်ချပေးဖို့ဆိုပြီး တောင်းဆိုတာပါ၊ ရည်ရွယ်ချက်တော့ ဗျာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားမည့်လမ်းကြောင်းမှာ အဟန့်အတားဖြစ်နေတဲ့လူတွေကို ဖော်ထုတ်မှုမျိုးလုပ်တာပါ"

ကိုင်းပြင်ရွာက မြေနုကျွန်းကို ပြီးခဲ့တဲ့နှစ်တုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ ဧက ၇ဝ ရှိတဲ့ အဲ့ဒီ မြေနုကျွန်းကို ကျပ်သိန်း ၁၅ဝ နဲ့ လုပ်ကိုင်ခွင့်ချပေးခဲ့တာဖြစ်ပြီး အဲ့ဒီငွေတွေကို ရွာကစာသင်ကျောင်း အတွက် လှူလိုက်တယ် ဆိုပြီး အစိုးရအဖွဲ့ဝန်ထမ်းတွေက ထွက်ဆိုထားတာလို့ ပြောပါတယ်။

ရွာသားတွေဘက်က ပြောကြားတာကတော့ ဧက ၁၆ဝ လောက်ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသာအေးက ပြည်သူ့လွှတ်တော်မှာ အဲ့ဒီလို ဖြေကြား ခဲ့တာကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့မှာ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့လို့ ကိုင်းပြင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါဝင် ဝန်ထမ်းအဆင့်ဆင့်က လိမ်ညာတင်ပြခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပြီးဖြစ်တယ်လို့ ပြော ပါတယ်။

ဆန္ဒပြခဲ့တဲ့ ဦးသန်းထိုက်ဦးဟာ မြေနုကျွန်းအမှုကိစ္စ စစ်ဆေးအရေးယူပေးမှုမရှိတဲ့ ပြည်ထဲရေးဝန်ကြီး အလိုမရှိ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ စစ်ကိုင်းခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးများ ဖြုတ်ချပေး၊ တရားဥပဒေစိုးမိုးရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။