သိမ်းပြီးအသုံးမပြုတဲ့ သံလျင် ဗိုလ်ချုပ်ရွာ မြေတွေပြန်ရဖို့ လယ်သမားများ ဆန္ဒပြ

ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် ဗိုလ်ချုပ်ရွာက လယ်သမား ၁၀၀ ခန့်ဟာ ၁၉၈၉ ခုနှစ်မှာ အသိမ်းခံခဲ့ရတဲ့ လယ်မြေတွေပြန်ပေးဖို့ သံလျင်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီနေ့မနက် ၁၀ နာရီလောက်က ဆန္ဒပြခဲ့ကြပါတယ်။

သံလျင်ရေနံချက်စက်ရုံက စွမ်းအင်သင်တန်းကျောင်းဆောက်ဖို့ဆိုပြီး လယ်ဧက ၃၅၀ လောက် သိမ်းခဲ့တာပါ။

ဒါပေမယ့် သက်ဆိုင်ရာက သင်တန်းကျောင်းမဆောက်ပဲ သူတို့နဲ့ ပတ်သက်သူတွေကို သီးစားခချပြီး လုပ်ကိုင်စေတဲ့အတွက် မူလပိုင်ရှင် လယ်သမားတွေကိုပြန်ပေးဖို့ တောင်းဆိုတာဖြစ်တဲ့အကြောင်း လယ်သမားအရေးဆောင်ရွက်သူ ရှေ့နေ ဦးစိုးဟန်က RFA ကိုပြောပါတယ်။

“ခလ ၉၀ က တပ်ကအရာရှိတစ်ဦးက နှင်ထုတ်ပြီးတော့သိမ်းလိုက်တာ၊ စွမ်းအင်သင်တန်းကျောင်းလို့ သူတို့ကအကြောင်းပြပေမယ့် ဒီနေ့ဒီအချိန်ထိ ဘာသင်တန်းကျောင်းမှလည်း မဆောက်ဘူး၊ သူတို့နဲ့ နီးစပ်သူတွေကို တစ်ဧကကို ၁၀ သိန်းနှုန်းနဲ့ သီးစားချထားတာ ဒီနေ့ထိပဲ၊ လယ်သမားတွေက နိုင်ငံတော်သမ္မတဆီလည်း တင်ပြထားတယ်၊ လယ်ယာမြေနဲ့ အခြားမြေမျိုးစုံ သိမ်းဆည်းခံရမှု ပြည်သူများမနစ်နာစေရန် စုံစမ်းရေးကော်မရှင်လည်း တင်ပြထားတယ်”

လယ်သမားတွေရဲ့တင်ပြချက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေကရော သိမ်းဆည်းခံ လယ်ယာမြေစုံစမ်းရေးကော်မရှင်ကပါ အကြောင်းပြန်တာမရှိဘူးလို့ ပြောပါတယ်။

လယ်မြေတွေသိမ်းယူခဲ့စဉ်က မြေယာလျော်ကြေးမပေးပဲ သီးနှံလျော်ကြေးဆိုပြီး တစ်ဧကကို ကျပ်ငွေ ၂ ထောင်နှုန်းပဲ ပေးခဲ့တယ်လို့ဆိုပါတယ်။ လယ်သမားတွေက သူတို့ကိစ္စကို မဖြေရှင်းပေးရင် ဆက်လက်ဆန္ဒပြသွားကြမယ်လို့ ပြောဆိုကြောင်းလည်းသိရပါတယ်။