ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်က မြန်မာ့ ဂုဏ်ရောင်အိမ်ရာရှေ့မှာ မြေလျော်ကြေးရရှိဖို့ သပိတ်စခန်းဖွင့် တောင်းဆိုနေကြသူတွေဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့မှာ ဒီနေ့ဆန္ဒပြဖို့ ခွင့်တောင်းထားတာ ပယ်ချခံရတယ်လို့ သိရပါတယ်။
မြန်မာ့ဂုဏ်ရောင်ရပ်ကွက်မှာ အရင်ကနေထိုင်သူတွေ က အဲ့ဒီရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ မြန်မာ့ ဂုဏ်ရောင်အိမ်ရာပိုင်ရှင် ဝါဝါ၀င်းကုမ္ပဏီဆီ က မြေလျော်ကြေးရရှိဖို့ တောင်းဆိုဆန္ဒပြနေတာ တစ်လကျော်ပြီဖြစ်ပါတယ်။
ကုမ္ပဏီဘက်က လာရောက်ညှိနှိုင်းတာ မရှိသေးတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခွင့် တောင်းဆိုတင်ပြထားတာကို လမ်းကြောင်းပိတ်ဆို့မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန္ဒပြခွင့် ပယ်ချခံရတယ်လို့ သပိတ်စခန်းက ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဦးတင်အုန်းက ပြောပါတယ်။
"ဝါဝါဝင်းကုမ္ပဏီက တည်ဆောက်တယ်လို့ ဆိုင်းဘုတ်ကြီး ဆောက်ထားတဲ့အခါကျတော့ သူတို့က ဝါဝါဝင်း ကုမ္ပဏီလူကြီးနဲ့ ညှိနှိုင်းပေးဖို့ပေါ့ ဆန္ဒထုတ်ဖော်ရတာပေါ့၊ သူတို့ဘက်က ဘာမှကိုတုန့်ပြန်မှု မပေးသေးဘူး"
လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က စစ်တန်းလျား ဆောက်လုပ်ဖို့အတွက် သိမ်းယူသွားတဲ့နေရာတွေမှာ ဝါဝါဝင်းကုမ္ပဏီက မြန်မာ့ဂုဏ်ရောင်အိမ်ရာ အဆောက်အဦးတွေ ဆောက်လုပ်ရောင်းချတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အဲ့ဒီ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်က မြေပိုင်ရှင်တွေဟာ လျော်ကြေးရရှိဖို့ ပြီးခဲ့တဲ့၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ ၂ ကြိမ် ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ သပိတ်စခန်းဖွင့်ခဲ့ကြတာ ဖြစ်ပါတယ်။