အလုပ်သမားတွေ စက်ရုံကထွက်လာတဲ့အကြောင်း အလုပ်သမားကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးထွန်းထွန်းလွင်က ပြောပြပါတယ်။
သူဌေးကိုယ်စားလှယ် စက်ရုံမှူးက အလုပ်သမားတွေရဲ့ လုပ်အားခကို ရှင်းမပေးတဲ့အပြင် စက်ရုံထဲမှာ ဆက်နေရင် တရက်ကို ဘတ် ၄၀ နှုန်းပေးရမယ်လို့ တောင်းခံတဲ့အတွက် စက်ရုံက ထွက်လာကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါအပြင်၊ ဘယ်ကမှန်း မသိတဲ့ သေနတ်သမားတွေ ရောက်လာပြီး သေနတ် ပစ်ဖောက်ခဲ့တာကြောင့် စက်ရုံမှာ နေရတာ လုံခြုံမှုမရှိကြောင်းလည်း သူက ပြောပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က ဝင်လာပြီး သေနတ်ဖောက်တာပါ၊ MAP လို့ခေါ်တဲ့ ရွှေ့ပြောင်း အလုပ်သမားများ အကူအညီပေးရေး အစီအစဉ်က ရှေ့နေတွေက မနေ့က ဝင်ရောက် ရှင်းလင်းပြတဲ့အကြောင်းနဲ့ နောက်ဆုံး အခြေအနေတွေကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ ကူညီရေးအဖွဲ့က ဒေါ်သက်သက်ဦးက ပြောပြပါတယ်။
“အလုပ်သမားက နားမလည်တော့ ရမှ ထွက်မယ်ဆိုပြီးတော့ အဲလို အစီအစဉ်မျိုး ရှိတယ်။ ဒီသဘောထားကို မနေ့က MAP ဖောင်ဒေးရှင်းကနေပြီးတော့ လူ့အခွင့်အရေး ရှေ့နေတွေက ဝင်ရောက် ဆွေးနွေးတဲ့အခါ သိလာခဲ့ရတဲ့အခါကျတော့ အလုပ်သမားတွေ နားလည်သွားတဲ့အခါမှာ ဒီကနေ့ကို ၈၀၀ ကျော် ဒီမှာ အကုန်လုံး ရောက်လာတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ၂၀၀ ကျော်ဟာ ယာယီ ပတ်စပို့စာအုပ်တွေ ယနေ့အထိ မရသေးဘူးပေါ့နော်။ သူတို့က ကျန်ခဲ့တဲ့လူ ရှာပြီးတော့ ရဲဖမ်းခိုင်းမယ်ဆိုတော့ ဒီပတ်စပို့ မရသေးခင်နဲ့ လုပ်ငန်းကနေ ထွက်ခွင့် ကျသွားတဲ့ အလုပ်သမားတွေ ဖြစ်နေတဲ့အတွက် အားလုံးဟာ ဒီဘုန်းကြီးကျောင်းကို လိုက်လာခဲ့လိုက်ကြပြီ။ တကယ်တော့ ဘုန်းကြီးကျောင်းမဟုတ်ပါဘူး။ လူတွေ သေတဲ့အခါကျရင် သြင်္ဂိုဟ်ရတဲ့ နေရာ ဇရပ်သုဿန်လိုဟာမျိုး ဖြစ်ပါတယ်ရှင့်။”
ခုသတင်းရေးနေချိန်အထိ အလုပ်ရှင်ဖက်က လုပ်ခ ရှင်းပေးတာ မရှိသေးတဲ့အကြောင်း၊ ဒီလို ရှင်းမပေးရင် ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်ရမဲ့ အကြောင်းလည်း ဒေါ်သက်သက်ဦးက ပြောပါတယ်။
“မရှင်းပေးသေးဘူးရှင့်။ အပြင်နေရာ တနေရာကို ရောက်တဲ့အခါမှာတဲ့ အလုပ်သမားတွေရဲ့ လုပ်အားခကိုတဲ့ ရှင်းပေးပါမယ်ပေါ့နော်။ သူပြောတဲ့အတိုင်း အားလုံးကို လိုက်လျောလိုက်ပြီ။ ရှေ့နေတွေကလည်း သူပြောတဲ့အတိုင်းပဲ အခု ဆောင်ရွက်ပြီးပြီ အားလုံးက။ ဒါကို သူ့တာဝန် သူမကျေပွန်ဘူးဆိုရင်တော့ တရားစွဲဖို့အတွက် အစီအစဉ် ရှိနေတယ်။ အဲဒီလို လုပ်နိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်ဆိုတာ ကျွန်မတို့နဲ့ စည်းဝေးတဲ့အခါမှာ ပြောပြတဲ့အခါ အလုပ်သမားတွေကိုလည်း ဒီအခွင့်အရေးတွေ ရှိတယ်ဆိုတာ ပြောပြတော့ ဆက်ပြီးတော့ တိုက်ပွဲဝင်မယ်လို့ သူတို့ကတော့ ယူဆထားတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့နော်၊ ဒါ ထိုင်းနိုင်ငံမှာ ပထမဆုံး ဖြစ်လာတဲ့ အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေကိုပါ ခုခံတယ်၊ တိုက်ခိုက်တယ် ဆိုတဲ့အဆင့်ပါ။ ဒါကို စွမ်းစွမ်းတမံ ဆောင်ရွက်မယ်ဆိုလည်း ကျွန်မတို့က အားပေးမယ်။ အောင်မြင်မယ်လို့လည်း ကျွန်မ ထင်ပါတယ်။ ဒီလို တိုင်တန်းခဲ့တာမျိုးက မရှိခဲ့ဖူးတဲ့အတွက် တနေ့တနေ့တော့ မြန်မာနိုင်ငံသားတွေအတွက် အလားအလာတွေ ကောင်းလာမယ်လို့ ကျွန်မ ထင်ပါတယ်။”
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ ကူညီရေးအဖွဲ့က ဒေါ်သက်သက်ဦးက ပြောသွားတာ ဖြစ်ပါတယ်။