၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သမ္မတဖြစ်ခွင့် အရည်အချင်းကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) နဲ့ (ဃ) အပါအဝင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းကွင်းအနီးမှာ ဒီနေ့ လူ ၁၀၀ နီးပါးလောက် ဆန္ဒပြခဲ့ကြပါတယ်။
ပုဒ်မ ၅၉(စ) နဲ့ (ဃ) ကို ပြင်ဆင်ချင်တာဟာ နိုင်ငံတော်သမ္မတ တာဝန်ကိုယူသူဟာ ပြည်သူတွေ ထဲကသာ ဖြစ်စေချင်တဲ့အတွက် ပြင်ဆင်လိုတာဖြစ် တယ်လို့ ဒီနေ့ ဆန္ဒပြပွဲကိုစီစဉ်ခဲ့တဲ့ ဒီမိုကရေစီ အင်အားစုများအဖွဲ့က ဦးဘမြင့်က ပြောပါတယ်။
“ကျနော်တို့က ၅၉ (စ)၊ ၅၉ (ဃ)၊ ပြည်သူ တစ်ယောက်အနေနဲ့ သမ္မတဖြစ်ဖို့ အင်မတန် ခဲယဉ်းတဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဒီနှစ်ခုစလုံးကို ကန့်ကွက်တာပါ။ ဒီပြည်သူထဲကပဲ သမ္မတွေဖြစ်စေချင်တယ်။ ပြည်သူ တင်မြှောက်သော ခေါင်းဆောင်များပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အဲဒီလိုင်းအနေနဲ့ ဆန္ဒပြမှာပါ။”
ဒီနေ့ ဆန္ဒပြပွဲကို မြို့နယ်အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့်နဲ့ တရားဝင်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ လူ ၂၀၀ လောက်က သမ္မတဖြစ်ခွင့် ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ)၊ (ဃ)၊ တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာပုဒ်မ (၁၈) အပြင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) တွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။