ကျောင်းသားတွေ လွတ်မြောက်ရေး နိုင်ငံတဝှမ်းမှာ လှုပ်ရှားတောင်းဆို

0:00 / 0:00

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းပြီး ကျောင်းသား ကျောင်းသူတွေကို ရိုက်နှက်ဖမ်းဆီးတဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲနဲ့ ဖမ်းဆီး ခံထားရသူတွေကို လွှတ်ပေးဖို့ တောင်းဆိုပွဲတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်ခဲ့ပါတယ်။

အစိုးရရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ပြည်သူတွေ နဲ့ ကျောင်းသား ကျောင်းသူတွေက ကန့်ကွက်ကြောင်း မန္တလေးမြို့က ကန့်ကွက်ပွဲနဲ့ တောင်းဆိုဆန္ဒပြပွဲမှာ ရတနာပုံတက္ကသိုလ်က ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုနိုင်ရဲဝေက အခုလို ပြောပါတယ်။

"သမ္မတကြီးနဲ့ အစိုးရဝန်ကြီးများအားလုံး တာဝန် ရှိသူတို့ကို ကျနော်တို့ တောင်းဆိုချင်တယ်၊ အကြမ်းဖက်ဖြိုခွင်းခြင်းဟာ ပြဿနာတစ်ရပ်ကို ဖြေ ရှင်းတာနဲ့မတူဘူး၊ ပြဿနာကိုမီးစမွှေးနေတာ ကြိုးစကိုဆွဲထုတ်တာနဲ့အတူတူပဲ၊ ဘာကြောင့်အကြမ်းဖက်ဖြိုခွင်းခြင်းကို ကျောင်းသား ကျောင်းသူတွေ အားလုံးကလည်း ကန့်ကွက်တယ်၊ ပြည်သူအားလုံးကလည်း ကန့်ကွက်တယ်ဆိုတာကို အစိုးရအနေနဲ့ သိစေချင်တယ်"

အဲ့ဒီဆန္ဒပြပွဲမှာ မိုးကုတ်၊ မုံရွာ၊ ခန္တီး၊ ကျောက်ဆည် စတဲ့မြို့တွေက သံဃာတွေ၊ ရှေ့နေတွေ၊ မြို့ခံတွေ နဲ့ ကျောင်းသား ကျောင်းသူတွေ စုစုပေါင်း ၅ဝဝ နီးပါး ပါဝင်ခဲ့ပါတယ်။

အလားတူ ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဖမ်းဆီးခံထားရတဲ့ ကျောင်း သား ကျောင်းသူတွေရဲ့ နာမည်တွေကို မိုးပျံပူဖောင်းအလုံး ၂ဝဝ ကျော်မှာ ချိတ်ဆွဲပြီး အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြပါတယ်။

ဒီအတောအတွင်း လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျောင်း သား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ ဖမ်းဆီးခံထားရတဲ့အပေါ် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် လက်ပတ်မဲလှုပ်ရှားမှုကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒီကနေ့ စတင်လိုက်ပါတယ်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ ကျောင်းသား ကျောင်းသူတွေကို ရိုက်နှက်ဖမ်းဆီးပြီး အကျဉ်းချထားတာကို ကန့်ကွက်တယ်လို့ အဲဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကိုနေမျိုးက ပြောပါတယ်။

ပြည်၊ ပုသိမ်နဲ့ မော်လမြိုင်မြို့တွေမှာလည်း ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေးအတွက် လက်ပတ်ဖြူ လှုပ်ရှားမှုကို ဒီနေ့ ပြုလုပ်ကြပါတယ်။

ဒီလ ၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျောင်းသားသပိတ်ကို အကြမ်းမဖက်ဖို့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ လက်ပတ်နီဝတ် အရပ်သားတွေက အကြမ်းဖက်ရိုက်နှက်မှုနဲ့ ဒီလ ၁ဝ ရက်နေ့က လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းတာတွေကို ကန့်ကွက်တဲ့အနေနဲ့ လက်ပတ်မဲ ဝတ်ဆင်မှုနဲ့ လက်ပတ်ဖြူ ဝတ်ဆင်မှုတွေကို မြို့ကြီးတွေမှာ ပြုလုပ်ကြတာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုတွေအကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။