အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဝေသူအနေနဲ့ လျှောက်ထားခဲ့တဲ့ ဒီလှိုင်းနေ့စဉ်ထုတ် သတင်းစာအပါအဝင် ဂျာနယ် ၈ စောင်ကို ထပ်မံထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထား ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အပတ်စဉ်ထုတ် ဒီလှိုင်းဂျာနယ်ကို ပါတီဂျာနယ်အဖြစ် သီးခြား ဆက်လက်ထုတ်ဝေနေမှာဖြစ်ပြီး ခွင့်ပြုချက်ရပြီဖြစ်တဲ့ နေ့စဉ်ထုတ် သတင်းစာကိုတော့ သတင်းစာပုံစံအတိုင်း ထုတ်ဝေမှာဖြစ်တယ်လို့ ဒီလှိုင်းဂျာနယ် အကြံပေး ဦးမိုးသူက RFA ကို ပြောပါတယ်။
နေ့စဉ်ထုတ် သတင်းစာအဖြစ် ဒီနေ့မှာ The Daily Eleven၊ စံတော်ချိန်၊ ခေတ်သစ်နေ့စဉ်၊ ရန်ကုန်တိုင်း(မ်)၊ မြန်မာဓိက၊ ဒီလှိုင်း၊ ပြည်ထောင်စုအသံ၊ 7 days သတင်းစာတွေကို ခွင့်ပြုလိုက်တာပါ။
ဒီလ မတ်လ ၁ ရက်နေ့ကလည်း ခေတ်မိုး၊ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စုနေ့စဉ်၊ အင်ပါယာ၊ The Messenger ၊ နောက်ဆုံးရနေ့စဉ်သတင်းစာ၊ မြန်မာနယူးဝိခ်နေ့စဉ်၊ မဇ္ဈိမ သတင်းစာ ၈ စောင်ကို ခွင့်ပြုပေးခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနမှာ စိစစ်ဆဲ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာ ၃ စောင် ကျန်နေသေးပြီး လက်ရှိထုတ်ဝေခွင့်ရထားတဲ့ သတင်းစာ ၁၆ စောင်ကတော့ ဧပြီလ ၁ ရက်နေ့မှာ စတင်ထုတ်ဝေနိုင်မှာဖြစ်ပါတယ်။
ရန်ကုန်တိုင်း မီဒီယာအဖွဲ့ ဥက္ကဌ ဦးကိုကိုက ခွင့်ပြုချက်ရထားပြီးဖြစ်ပေမယ့် နေ့စဉ်ထုတ်အရည်အသွေးပြည့်မီတဲ့ သတင်းစာတစ်စောင်ဖြစ်ဖို့ လိုအပ်ချက်တွေ အခက်အခဲတွေကို ရှင်းပြထားပါတယ်။
RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဦးကိုကို ကိုဆက်သွယ်မေးမြန်းထားပါတယ်။
