စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ထူးအုပ်စုကုမ္ပဏီက ကချင်ပြည်နယ် ပူတာအိုမြို့နယ်က မူလာချောင်းမှာ ဓါတ်အား ၅ မဂ္ဂါဝပ်ထွက်မယ့် အသေးစား ရေအားလျှပ်စစ် စီမံကိန်းအတွက် ရှေးဦးလေ့လာဆန်းစစ်ရေးတွေပြု လုပ်ဖို့ ပြည်နယ်အစိုးရထံ တင်ပြထားပါတယ်။
အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ထံ တင်ပြထားတယ်လို့ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် က ပြောပါတယ်။
"သူတို့အခုလာပြီးမှ ကျနော်တို့ဆီလာတင်တာရှိပါတယ်။ကျနော်တို့က ကက်ဘိနက်ကို တင်ပြီးမှ ဒါလေးကို သူတို့ကို ကျွန်တော်တို့က ခွင့်ပြုမယ်ဆိုတော့ အများအားဖြင့်တော့ ကျနော်တို့အနေနဲ့ကတော့ ခွင့်ပြုမှာပါ။ ဒီအသေးလေးတွေကတော့ တကယ်လည်းလိုအပ်နေတယ်။ သူတို့ရဲ့ ကနဦး စူးစမ်းလေ့ လာမှုကိုပဲ ကျနော်တို့က ခွင့်ပြုပြီး သူတို့ရဲ့တင်ပြလာမှုအပေါ်မှာ ထပ်ပြီးမှ ဒါကျနော်တို့က ညှိနှိုင်းပြီးမှ ဒါအသေးစားဆိုရင်တော့ ဒီ impact တွေ သိပ်မရှိဘူးလို့ပဲ ထင်ပါတယ်။ တကယ်လည်း လိုအပ်နေတဲ့နေရာဆိုရင်တော့ ပြည်သူတွေလည်း ဒီလောက်ကြီးတော့ ကျနော်ထင်ပါတယ်၊ သူတို့လည်း သူတို့ရဲ့ လိုအပ်ချက်လည်းရှိတဲ့အတွက် ပိုလည်း ထုတ်လုပ်တာလည်း မဟုတ်တဲ့အတွက်တော့ ပြည် သူတွေရဲ့ impact လည်း ဒီလောက်လာမယ်လို့တော့ ကျနော်လည်းမထင်ပါဘူး။"
ပူတာအိုမြို့နယ်အတွင်း ဒေသခံတွေရဲ့ ဆန္ဒသဘောထားနဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ အပါအဝင် ကနဦးလေ့လာရေးတွေပြုလုပ်ပြီးတဲ့အခါ ပြည်နယ်အစိုးရက ခွင့်ပြုသဘောတူရင် ပြည်ထောင်စုအစိုးကို ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေဟာ မဂ္ဂါဝပ် ၃၀ အထိ ဓါတ်အားထွက်ရှိမယ့် ရေအားလျှပ်စစ် စီမံကိန်းတွေကို စိစစ်ခွင့်ပြုနိုင်တယ်လို့ သိရပါတယ်။
လောလောဆယ် ပူတာအိုမြို့နယ်အတွင်း ၃.၂ မဂ္ဂါဝပ်ထွက်ရှိမယ့် အထက်နမ့်ထွမ် အသေးစား ရေအားလျှပ်စစ် စီမံကိန်းကို အစိုးရအဖွဲ့က အကောင်အထည်ဖော်နေပြီး အဲဒီစီမံကိန်းမှာလည်း ထူးအုပ်စုကုမ္ပဏီက အစိုးရရဲ့ခွင့်ပြုချက်နဲ့ တစိတ်တပိုင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ ရှေ့ပြေးသန်းခေါင်းစာရင်း အချက်အလက်တွေအရ လူဦးရေ ၉သောင်းကျော်ရှိတဲ့ ပူတာအိုခရိုင်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လျှပ်စစ်မီးမရရှိသေးတဲ့ ခရိုင်တခုဖြစ်တယ်လို့ သိရပါတယ်။
