ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း နယ်မြေဒေသအလိုက် လုံခြုံရေးအရ ခွင့်ပြုနိုင်တဲ့ အခြေအနေတွေ အပေါ် မူတည်ပြီး ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းပူးပေါင်းလို့ နိုင်ငံခြားသားခရီးသွားတွေကို သွားလာခွင့်ပြုနေတယ် လို့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က ပြောပါတယ်။
ပူတာအိုဒေသအတွင်း ကမ္ဘာလှည့်ခရီးသည်တွေ သွားလာဖို့ ကန်သတ်ထားတဲ့ နယ်မြေဒေသတွေကို ပြန်လည် ဖွင့်လှစ်ပေးဖို့ ခေါင်လန်ဖူးမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာက ဒီကနေ့လွှတ်တော် မှာ မေးမြန်းတဲ့အခါ ဗိုလ်မှူးကြီး သူရမျိူးတင်က အဲဒီလိုဖြေကြားခဲ့တာပါ။
ပူတာအိုဒေသအတွင်းမှာ လုံခြုံရေးအရ ခရီးသွားလာခွင့်တွေကို ဆက်လက်ကန့်သတ်ထားမယ်ဆိုရင် မြန်မာနိုင် ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာ က ဆွေးနွေး ပါတယ်။
လုံခြုံရေးအခြေအနေတွေအရ အဲဒီလိုကန့်သတ်ထားတာဟာ ပြည်ထောင်စုအစိုးရ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ညွှန်ကြားစာအရ ဆောင်ရွက်ရတာဖြစ်တယ်လို့ သိရပါတယ်။
ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပူတာအိုခရိုင်အတွင်း သံတမန်တွေ၊ NGO နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ခရီးသွားလာရေးနဲ့ပတ်သက်လို့ လုံခြုံရေးအရ ကန့်သတ်နယ်မြေတွေကို ၂၀၁၁၆ ခုနှစ် ဧပြီလကုန်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်အတွင်း မြို့ပေါ်ကို ခရီးသွားလာခွင့်ပြုပြီး မြို့ပြင်ကို ခွင့်ပြုချက်တောင်းရတဲ့ နယ်မြေ အဖြစ် သတ်မှတ်ထားပါတယ်။ နောင်မွန်း၊ ခေါင်လန်ဖူးနဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေဘက်ကို ခရီးသွားမယ် ဆိုရင်တော့ ခွင့်ပြုချက်တောင်းရမယ့်နယ်မြေအဖြစ် သတ်မှတ်ထားတာပါ။
နိုင်ငံတကာက ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ အရှေ့တောင်အာရှကိုယ်စားပြု ရေခဲတောင်တွေဖြစ် တဲ့ ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီ စတဲ့ ဆီးနှင်းနဲ့ ရေခဲဖုံးတောင်တန်းတွေကို မြန်မာနိုင်ငံမြောက်ဖျား ပူတာအိုဒေသ မှာ တွေ့ရှိနိုင်ပါတယ်။
