မန္တလေးမှာ ဘာသာပေါင်းစုံအဖွဲ့က နောက်ထပ် လူငယ်တစ်ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်းဒေသကြီးမှာ ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့က အဖွဲ့ဝင် မပွင့်ဖြူလတ်ကို လဝက ဥပဒေပုဒ်မ ၁၃ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်နေ့က ဖမ်းဆီးခံထားရတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ် အမှုအတွက် စစ်ဆေးဖို့ဆိုပြီး ဆင့်ခေါ်လိုက်ရာကနေ မပွင့်ဖြူလတ်ကို ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ မပွင့်ဖြူလတ်ရဲ့ အကိုက ပြောပါတယ်။

"၁၈ ရက်နေ့က သက်သေအနေနဲ့ပေ့ါနော် လာရောက်အစစ်ခံဖို့ပါဆိုပြီးတော့ ခေါ်လို့သွားလိုက်တယ်၊ CID ရုံးမှာ စစ်တာပေါ့နော်၊ ပြန်ပြီးတော့လွှတ်ပေးလိုက်တယ်၊ ၁၉ ရက် တစ်ခါထပ်ချိန်းလိုက်တယ်၊ မြို့မအမှတ် ၈ ရဲစခန်းမှာစစ်တယ်၊ အဲဒီ့မှာမလွှတ်ပေးတာပါခင်ဗျ၊ ပုဒ်မနှစ်ခုတပ်ပြီး အရေးယူထားပါတယ်၊ လဝကပုဒ်မလို့ပြောတယ်"

သင့်မြတ်လိုသူများအဖွဲ့ဟာ မန္တလေးမြို့က ဂဠုန်နီဆရာတော်နဲ့ အာရှအလင်းရောင် ဆရာတော်တို့ပါဝင်ပြီး အဲဒီဆရာတော်တွေအတူ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေထိန်းချုပ်နယ်မြေအတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေထံပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ကြရာ ဓာတ်ပုံတွေကို အင်တာနက်လူမှုကွန်ရက် ဖေ့ဘွတ်စ် စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေထဲမှာ ကိုဇော်ဇော်လတ်က သေနတ်ကိုင်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ မပွင့်ဖြူလတ်တို့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ အဲဒီအတွက် ကိုဇော်ဇော်လတ်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ချမ်းအေးသာစံမြို့နယ် မှုခင်းရဲတပ်ဖဲ့ွက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းနဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူ မရှိဘူးလို့သာ ပြောပါတယ်။