မြို့နယ်လျှပ်စစ်ရုံးကနေ ဗိုလ်ချုပ်ကြေးရုပ်အထိ ဗိုလ်ချုပ်လမ်းအတိုင်း ဆန္ဒပြကြပုံကို ပါဝင်ခဲ့တဲ့ မြို့ခံတစ်ဦးက အခုလို ပြောပြပါတယ်။
" ညတုန်းက ရှစ်နာရီခွဲ ကိုးနာရီခန့်မှာ မီးရုံးရှေ့ကနေ ဗိုလ်ချုပ်လမ်းအတိုင်း လာပြီးတော့ မြင်းစီးကျောက်ရုပ်ကို ပတ်ပြီးတော့ မြင်းစီးကျောက်ရုပ်မှာ မီးတိုင်တွေ ကိုင်ပြီးတော့ လျှပ်စစ်မီးရရှိရေး ဒို့အရေး ဆိုပြီးတော့ နည်းနည်းကြွေးကြော်တယ်။ လူကတော့ ၁၀၀ လောက်ရှိပါတယ်။ မြို့လူထုက ဘေးနားကနေ အများကြီးလိုက်လာတယ်။ အုပ်လိုက်ကြီး လိုက်လာတယ်။ လက်ခုပ်လက်ဝါးတီးပြီး ဘေးကနေ အားပေးပြီး လိုက်လာတယ်။ တလျှောက်လုံး လိုက်လာပါတယ်။ ဘေးကနေပြီးတော့ ရဲတွေ အများကြီး ကားနဲ့လိုက်လာပါတယ်။ ဘာမှတော့ အနှောင့်အယှက် မပေးဘူး။ အခုချိန်အထိတော့ ဖမ်းတာ ဆီးတာ မရှိသေးပါဘူး"
ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်မီးတွေကို ဗိုလ်ချုပ် မြင်းစီးကျောက်ရုပ် ပတ်ပတ်လည်မှာ စိုက်ထူထွန်းညှိပြီး ဆယ်နာရီခန့်မှာ လူစုခွဲခဲ့တယ်လို့သိရပါတယ်။
နဂိုစီစဉ် ထားခြင်းမရှိဘဲ မိမိတို့သဘောအလျောက် ရုတ်တရက် အခုလို ဆန္ဒပြပွဲ ဖြစ်လာတဲ့အကြောင်း စောစောက မြို့ခံကပဲ အခုလို ရှင်းပြပါတယ်။
" မီးရုံးရှေ့မှာ ဆန္ဒပြမယ်၊ ဆန္ဒပြမယ်ဆိုပြီးတော့ ဒီအတိုင်း အသံတွေထွက်နေကြတယ်ပေါ့။ အဲတာကလည်း မန္တလေးမှာ ဖြစ်တာရယ်၊ ရန်ကုန်မှာ ဖြစ်တာရယ်ကိုကြည့်ပြီး ဒီကလူတွေက လုပ်ဖို့စချင်တယ်။ ဘယ်သူကစရမှန်း မသိဘူးဖြစ်နေတယ်။ အဲလိုဖြစ်နေပြီးတော့ မီးရုံးရှေ့ကို သွားသွားပြီးတော့ ကြည့်နေကြတာ၊ လူတွေက၊ သွားကြည့်ပြီးတော့ ညက မီးရုံးပတ်ဝန်းကျင်မှာ မလိုအပ်ပဲ တအားစည်ကားနေတာ၊ ဆိုင်ကယ်တွေ၊ ကားတွေ၊ စက်ဘီးတွေနဲ့ စည်ကားနေတော့ ရဲတွေ အများကြီး ရောက်လာတယ်။ ရောက်လာတော့ လူတွေက ထိုင်ရင်း၊ ထိုင်ရင်းနဲ့ စဖြစ်သွားကြတာတဲ့"
ပြည်မြို့ခံ သီးခြားအဖွဲ့တဖွဲ့ကလည်း မီးရရှိရေး ဆန္ဒပြပွဲ ပြုလုပ်ဖို့စီစဉ်နေပေမဲ့ အခုထိ ခွင့်ပြုမိန့် မရသေးဘူးလို့သိရပါတယ်။
