ပျဉ်းမနားမှာ တစ်ကိုယ်တော် ဆန္ဒပြသူကို ထောင် ၄ လ ချမှတ်


2014.10.02
solo-protest-pyimana-305.jpg ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပျဉ်းမနားမြို့မှာ ဇန်နဝါရီလ ၄ ရက်နေ့က တစ်ကိုယ်တော်ဆန္ဒပြနေသော ပျဉ်းမနားမြို့နယ် NLD ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသာချို ( ခ ) ဦးကျော်မိုးဇော်ကို မြင်ရစဉ်
photo: RFA/ Win Naung Toe

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ဇန်နဝါရီလ ၄ ရက်နေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ တရားမဝင် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ ပျဉ်းမနားမြို့မှာ တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့  ပျဉ်းမနား မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေး မှူး ဦးသာချိုကို ဒီကနေ့ မြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လ ချမှတ်ပြီး ရမည်းသင်းထောင်ကို ပို့လိုက်ပါတယ်။

ပျဉ်းမနားမြို့နယ် တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ဇော်က အခုလိုပြော ပါတယ်။

"သူတို့အခု ပုဒ်မ ၁၈ နဲ့ အပြစ်ပေးတာကိုက ဥပဒေနဲ့ မညီဘူး၊ ပြဌာန်းထားတဲ့ ဥပဒေနဲ့မညီဘူး၊ နောက် တစ်ခုက စစ်ဆေးတယ်ဆိုလို့ရှိရင်လည်း သက်သေ ထွက်ချက်တွေအပေါ်မှာပဲ သုံးသပ်ရမယ်၊ အမိန့် ကတော့ ထောင်ချတော့မယ် အဲဒီဥစ္စာကို စနစ်တကျနဲ့ ကြိုတင်ပြင်ဆင်ပြီးတော့ ချက်ချင်းတန်းပြီးပို့လိုက်တယ်၊ ရမည်းသင်းထောင်ကို ပို့လိုက်တယ်၊ သာမန်အားဖြင့် ချပြီးရင် တရားရုံးမှာရှိတဲ့ အချုပ်မှာထားတယ်၊ ပြီးရင် ပျဉ်းမနားရဲစခန်းမှာထားတယ်၊ ပြီးတော့မှ ရမည်းသင်းထောင်ကိုပို့တယ်"

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လေးပွင်ဆိုင် တွေ့ဆုံဆွေးနွေးဖို့အတွက် တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ABSDF တပ်ရင်း ၂၀၇ က ကျောင်းသားဟောင်း ကိုဇော်မြင့်ကိုလည်း တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။