The Voice အယ်ဒီတာချုပ် နဲ့ ကလောင်ရှင် တို့ကို တပ်မတော် အမှုဖွင့်

The Voice သတင်းစာမှာ "ကျည်ထောင်စုသစ္စာ" သရော်စာ ရေးသားသူ ဗြိတိသျှကိုကိုမောင်နဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ တို့ကို တပ်မတော်က ၆၆(ဃ) နဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရဲစခန်းမှာ ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။

သရော်စာရေးသားခဲ့သူ ဗြိတိသျှကိုကိုမောင် ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေအရ ရင်ဆိုင်သွားမယ် လို့ပြောပါတယ်။

"ကျနော်ကတော့ ကိုယ်ယုံကြည်ရာကို ကိုယ်ရေးတဲ့အတွက် ကျနော်ဘက်ကတော့ တခြားမရှိဘူး၊ တရားဥ ပဒေအရ ရင်ဆိုင်မယ်ဆိုရင်လည်း ကျနော်ကတော့ ရင်ဆိုင်ရုံပဲရှိပါတယ်"

The Voice သတင်းစာအယ်ဒီတာချုပ် ကိုကျော်မင်းဆွေ ကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာဆက် လုပ်မယ်ဆိုတာ ကို အယ်ဒီတာအဖွဲ့နဲ့ မညှိနှိုင်းရသေးကြောင်း နဲ့ သတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံပြီး မှသာ ပြန်လည်ဖြေကြားနိုင် မယ်လို့ ပြောပါတယ်။

မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ် သတင်းစာမှာ တပ်မတော်က ရိုက်ကူးတဲ့ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ခေါင်းစဉ်နဲ့ သရော်စာရေးသား ဖော်ပြတဲ့အတွက် တပ်မတော်က အဲဒီသရော်စာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို ဧပြီလ ၂၅ ရက်နေ့က တိုင်ကြား ထားပါတယ်။

သရော်စာမှာ " ပြည်ထောင်စုသစ္စာ" ကို "ကျည်ထောင်စုသစ္စာ" ဆိုပြီး ရေးတာနဲ့ စစ်ပွဲတွေမှာ ငယ်သားတွေကသာ တိုက်ခိုက်နေပေမယ့် ခေါင်းဆောင်ပိုင်းတွေက ဝိုင်ခွက်ချင်းတိုက်ပြီး ပခုံးဖက်နေကြတယ်ဆိုတဲ့ အချက်တွေ အပါအ ဝင်အချက်လက်တချို့ကို တပ်မတော်ဘက်က ထောက်ပြထားတယ်လို့ ပြောပါတယ်။

တပ်မတော်က ကန့်ကွက်ထားတဲ့ ကျည်ထောင်စုသစ္စာ ဆိုတဲ့ သရော်စာကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိ ခိုက်စေတဲ့ သဘောသက်ရောက်ခဲ့ရင် The Voice သတင်းစာအနေနဲ့ စိတ်မကောင်းဘူးလို့ မေလ ၁၄ ရက်နေ့ထုတ် The Voice သတင်းစာက ပြန်လည်ဖော်ပြခဲ့ပါတယ်။

အဲဒီ သရော်စာမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ရိုက်ရည်ညွှန်းထားတဲ့ စကားလုံးမပါဘဲ ပြည်တွင်းစစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့ ဆန္ဒနဲ့သာ ဟာသရသမြောက်အောင် ရေး သားတဲ့ သရော်စာ သက်သက်သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ကို တမင်ထိခိုက်နစ်နာအောင်၊ ဂုဏ်သက္ခာ ထိခိုက်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ ရေးသားခဲ့တာမဟုတ်ဘူးလို့ လည်း The Voice သတင်းစာက ဖြေရှင်းထားပါတယ်။

သရော်စာထဲမှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြောင်း၊ လက်ပန်းတောင်စီမံကိန်း ကိစ္စ၊ မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာတဲ့လူတစ်ယောက် သေနတ်မှန် တာနဲ့ ချောင်းဆုံတံတားကို လွှတ်တော်မှာ နာမည်ပေးတဲ့ ကိစ္စတွေကို သရော်ရေးသားထားတာဖြစ်ပါတယ်။