အတိုင်ပင်ခံဥပဒေကြမ်း ပြည်သူ့ လွှတ်တော်မှာ အတည်ပြု

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်မယ့် ဥပဒေကြမ်းကို ဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ် အားလုံးက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပေမယ့် ထောက်ခံသူများတာကြောင့် ဥပဒေကို အတည်ပြုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်က ဥပဒေကြမ်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းအလိုက် မဲခွဲဆုံးဖြတ်တိုင်း တပ်မတော်သားကိုယ်စားလှယ်တွေကလည်း မဲမပေးဘဲ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က နောက်ဆုံးသဘောတူသူနဲ့ သဘောမတူသူရှိလားဆိုပြီး ပြည်သူ့ လွှတ်တော်ရဲ့ သဘောထားကို မေးမြန်းပြီးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနဲ့ စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ရဲ့ အတည်ပြု ချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား၊ သဘောတူပါ သလားခင်ဗျား၊ သဘောတူပါသလားခင်ဗျား၊ သဘောမတူသူရှိပါသလားခင်ဗျား၊ ရပါပြီ ထိုင်နိုင်ပါပြီ၊ သဘောတူသူများတဲ့အတွက် အမျိုးသားလွှတ်တော်မှာ စတင်တင်သွင်းဆွေးနွေးပြီး ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့လာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း သဘောတူကြောင်း အတည်ပြုကြေညာပါတယ်"

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖဲ့ွစည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက် အကြံပြုချက်တွေ ပေးရမှာဖြစ်သလို ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်လို့ ဥပဒေကြမ်းမှာ ပါရှိပါတယ်။

ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒီဥပဒေကြမ်းဟာ အရေးကြီးတဲ့အတွက်ကြောင့် အချိန်တိုးပေးဖို့ မနေ့က တင်ပြခဲ့ပါတယ်။ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က အချိန်တိုးပေးဖို့ မလိုအပ်ကြောင်းနဲ့ လေ့လာဖို့ လုံလောက်နေပြီဖြစ်ကြောင်း ပြော ခဲ့ပါတယ်။

အဲ့ဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းသွားမှာဖြစ်ပါတယ်။