X2O မဏ္ဍပ်ဗုံးကွဲမှုနဲ့စွပ်စွဲ သေဒဏ်ချခံရသူ ကိုဖြိုးဝေအောင် ကင်ဆာရောဂါနဲ့ကွယ်လွန်

၂ဝ၁ဝ သြင်္ကန်က ရန်ကုန်မြို့မှာ X2O မဏ္ဍပ်ရှေ့ ဗုံးကွဲမှုနဲ့စွပ်စွဲပြီး သေဒဏ် ချမှတ်ခံလိုက်ရတဲ့ ကိုဖြိုးဝေအောင်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ပြန်လွတ်ခဲ့ပြီး ၅ လအကြာ ဒီနေ့မှာတော့ အသည်းကင်ဆာရောဂါ နဲ့ နေအိမ်မှာကွယ်လွန်သွားခဲ့ပါတယ်။

ကိုဖြိုးဝေအောင်ဟာ အဖမ်းမခံရခင်က ကျန်းမာရေးကောင်းမွန်သူတဦးဖြစ်ပြီး၊ ကင်ဆာရောဂါကို အင်းစိန်ထောင်တွင်းမှာ ရှိနေစဉ်ကာလအတွင်း ရရှိခံစားလိုက်ရတာဖြစ်တယ်၊ အဲဒီအခြေအနေမှာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့အတွက် ရောဂါကိုအချိန်မီကုသခွင့်မရခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

မကွယ်လွန်ခင်က ကိုဖြိုးဝေအောင်ဟာ သူစွပ်စွဲဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ မဟုတ်မမှန်ပဲထောင်ချခံလိုက်ရတဲ့အကြောင်း သူကိုယ်တိုင် သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ဆန္ဒရှိခဲ့ပေမယ့် ကျန်းမာရေးကြောင့်မလုပ်နိုင်ခဲ့ဘူးလို့ ညီဖြစ်သူ ကိုထက်ဝေအောင် ကပြောပါတယ်။

ကိုဖြိုးဝေအောင် ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ အရွယ်မရောက်သေးတဲ့ သားသမီး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။