ကင်တားနားရဲ့ကားကိုရိုက်ပုတ်တာဟာ မဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို


2013.08.28

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကားကို မိတ္ထီလာမှာ ရိုက်ပုတ်ခဲ့ကြတဲ့လုပ်ရပ်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ်တခုပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

ဒီကိစ္စမှာ အာဏာပိုင်တွေနဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးနှစ်ဖက် ပြောကြားချက်တွေ ကွဲလွဲနေတာကိုလည်း သတိပြုမိတယ်လို့ သူက ပြောပါတယ်။

"အုပ်ချုပ်ရေးပိုင်းက ထုတာမဟုတ်ဘူးလို့ ပြောတယ်။မစ္စတာ ကင်တားနားက ထုတယ်လို့ပြောတယ်။မိတ္ထီလာကရတဲ့ သတင်းက ထုတာလို့ ပြောတယ်။ဒီဟာက မလုပ်သင့်ဘူးပေါ့။စာပေးချင်လဲ ရိုးရိုးပေးလို့ရပါတယ်။တိုက်ရိုက်ပေးလို့မရရင်တောင် UNDP က တစ်ဆင့်ပေးလို့ရတာပေါ့။မစ္စတာ ကင်တားနား ကျေနပ်လောက်အောင် ဖြေရှင်းချက်ပေးသင့်တာပေါ့"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့ မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ အမြန်ဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ ဖြေကြားခဲ့ပါတယ်။

နိုင်ငံရေးသမားတချို့က ဖွဲ့စည်းပုံကို ပြင်ဆင်ရေးအစား လုံးဝအသစ် ရေးဆွဲဖို့ ပြောဆိုနေကြပေမယ့် လက်တွေ့ဘယ်လို အကောင်အထည် ဖေါ်နိုင်မလဲဆိုတဲ့ နည်းလမ်းကိုတော့ အကြံပြုခြင်းမရှိကြဖူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

"လွှတ်တော်ထဲမှာဆိုရင် ကော်မတီထဲမှာလည်း အမတို့ ကိုယ်စားလှယ်တွေ ပါတယ်။အမတို့ကိုယ်စားလှယ်တွေကလဲ တတ်နိုင်သလောက် အမြန်ဆုံးဖြစ်အောင် ကြိုးစားမှာပေါ့၊တစ်ချိူ့ကျတော့လည်း ကော်မတီက အစီရင်ခံစာကို ဒီဇင်ဘာလမှာ သွင်းရမယ်ဆိုတာ မြန်လွန်းတယ်တောင် ပြောတဲ့သူတွေ ရှိပါတယ်"

ဒါ့အပြင် သမ္မတနဲ့ လွှတ်တော်အကြားကပြသနာ၊ အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခ လစာပြဌာန်းရေးနဲ့ အလယ်တန်းပြ ဆရာမတဦးကို အလုပ်က ထုတ်ပယ်လိုက်တဲ့ ကိစ္စအပါအဝင် ဝေဖန်ပြောကြားချက် အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။