အရေးတကြီး ဖြေရှင်းစရာ လူ့အခွင့်အရေးအခြေအနေတွေ ကျန်နေဆဲ

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတာကို ကြိုဆိုပေမယ့် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ အတွက် အရေးတကြီး ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုနေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒီကနေ့ ညနေပိုင်း ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၆ ရက်ကြာ ခရီးရောက်ရှိနေတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်ကင်တားနားဟာ ဒီကနေ့မနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မော်လမြိုင်မြို့မှာ တွေ့ဆုံခဲ့သလို မွန်ပြည်နယ်က တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အလားတူ မနေ့ကလည်း ကရင်ပြည်နယ်မှာ တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့တယ်လို့ ရန်ကုန် ကုလသမဂ္ဂပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

မစ္စတာကင်တားနားဟာ ဒီကနေ့ မင်္ဂလာဒုံလေယဉ်ကွင်းကမထွက်ခွာခင် သံတမန်တွေနဲ့ တွေ့ဆုံခဲ့ပြီး လေဆိပ်မှာပဲ သတင်းစာရှင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ ခရီးစဉ် တွေ့ရှိချက်တွေကို ရန်ကုန် UNDP ရုံးက ဒီကနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေကို စည်းရုံးလှုပ်ရှားခွင့် အပြည့်အဝပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်း ထားပါတယ်။

လွှတ်တော်က ပြောင်းလဲပြဌာန်းတဲ့ ဥပဒေ အသစ်တွေကို ထိထိ ရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် အကောင်အထည် ဖေါ်ဖို့ကိုလည်း တိုက်တွန်းထားသလို၊ တိုင်းရင်းသား ဒေသတွေနဲ့ပတ်သက်လို့ အစိုးရက အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်နေတာကို ကြိုဆိုထားပါတယ်။ ဒါပေမယ့် စစ်ပွဲတွေနဲ့ ဆက်နွယ်ပြီး ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို ဖြေရှင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။