“မြန်မာနိုင်ငံမှာ စိုးရိမ်စရာ လူ့အခွင့်အရေး အခြေအနေတွေကို ဖြေရှင်းပေးဖို့လိုအပ်နေတာကတော့ ထင်ရှားပါတယ်။ ဒါတွေကို လစ်လျူပြုထားလို့ မရသလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ အတွက် အလေးပေး ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။ တိုင်းပြည်မှာ အမှန်တကယ် တိုးတက်ဖ့ွံဖြိုးတယ်ဆိုတာ အာဏာပိုင်တွေ အပေါ်မှာ မူတည်မနေသင့်ဘဲ ဒီမိုကရေစီကို အခြေခံတဲ့ လူထုအသင်းအဖွဲ့တွေမှာ ထင်သာမြင်သာ ရှိရမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဘယ်လောက် အထိ ခရီးရောက် အောင်မြင်မှု ရှိတယ် ဆိုတာကို ဖော်ပြမယ့် စမ်းသပ်ချက် တစ်ခု ဖြစ်တယ်” လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတန်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးမောင်ေ၀ ကတော့ မစ္စတာကင်တာားနားရဲ့ အစီရင်ခံစာဟာ မှန်ကန်မှု မရှိတဲ့ စွပ်စွဲချက်တွေသာ ဖြစ်ပြီး၊ တိုင်းပြည်ရဲ့ အခြေအနေဟာ နောက်ပြန်လှည့်သွားစရာ အကြောင်းမရှိသလို မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်တွေဟာလည်း ဆီလျော်မှု မရှိဘူးလို့ တုန့်ပြန် ခဲ့ပါတယ်။ မြန်မာ့အစိုးရခေါင်းဆောင်တွေ ပြောနေသလို အခုအချိန်ဟာ နိုင်ငံရေးအရ အမြင့်မားဆုံး အခြေအနေကို ရောက်နေတာပါ။ လက်ရှိ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးတွေဟာ အခုမှ ပေါ်လာတာ မဟုတ်ဘဲ အရင်ကတည်းက ချမှတ်ထားတဲ့ လမ်းပြမြေပုံ (၇)ချက် အတိုင်း အကောင်အထည်ဖေါ် ဆောင်ရွက်နေတာပါလို့ ဦးမောင်ေ၀ က ပြောသွားတာပါ။ အမေရိကန်ကတော့ မစ္စတာကင်တားနားရဲ့ အစီရင်ခံစာကို ကြိုဆိုလိုက်ပြီး မြန်မာအာဏာပိုင်တွေကို လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်ကတော့ လက်ရှိမြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့ဘက်ကို ဦးတည်သွားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။