မြန်မာနိုင်ငံကို ဇန္နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်အထိ သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မတ်လ ၇ ရက်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို လာမယ့် မတ်လ ၁၂ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်ကို တင်သွင်း အစီရင်ခံမှာ ဖြစ်ပါတယ်။
လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ ခရီးရောက် အောင်မြင်မှုရှိတယ်ဆိုတာကို ဖော်ပြမယ့် စမ်းသပ်ချက်တစ်ခု ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ကျန်ရှိနေသေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်စရာ အခြေအနေတွေ၊ စိန်ခေါ်မှုတွေကို ဆက်လက် ဖြေရှင်းဆောင်ရွက်ဖို့လိုကြောင်း၊ တရားမျှတရေးနဲ့ တာဝန်ရှိမှုအပြင် အမှန်တရား ဖော်ထုတ်နိုင်ရေးစတဲ့ အချက်တွေ လုပ်ဆောင်ဖို့ လိုနေသေးကြောင်း မစ္စတာ ကင်တားနားရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မစ္စတာကင်တားနားရဲ့ စာမျက်နှာ ၂၁ မျက်နှာ ပါဝင်တဲ့ အစီရင်ခံစာထဲမှာ အကျဉ်းထောင်တွေအတွင်း ကျန်နေသေးတဲ့ နိုင်ငံရေးကျဉ်းသားတွေ အခြေအနေ၊ လက်ရှိဖြစ်ပွားနေတဲ့ တိုင်းရင်းသား လူမျိုးစုနယ်မြေတွေက အခြေအနေတွေအပြင် လက်ရှိ ပြုပြင်ပြဋ္ဌာန်းနေတဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ ကဏ္ဍအလိုက် ခေါင်းစဉ်အသီးသီး ခွဲခြား ဖော်ပြထားပါတယ်။