စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနားအစီရင်ခံမည်

ပဲခူးမြို့မှာ အရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ လူ့ အခွင့်အရေး ထပ်မံ ချိုးဖောက်မှုတခုပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားက ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ RFA ကို ပြောကြားပါတယ်။

2010.09.07
quintana_aapp_305_Z မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP)
(Photo: AAPP)

မြန်မာစစ်တပ်က အခုလို အင်အားသုံးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာ မှန်ကန်တယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက် ကျုးလွန်မှုတခု ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါ့ပြင် မစ္စတာ ကင်တားနားက သူ့အနေနဲ့ ပဲခူးမြို့က လူငယ်နှစ်ဦး ပစ်သတ်ခံရမှုကို အသေးစိတ် အချက်အလက် စုဆောင်း ရယူနေဆဲ ဖြစ်ပြီး၊ ဒီကိစ္စကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ လာမဲ့ အောက်တိုဘာအတွင်း ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မလွဲမသွေ အစီရင်ခံ တင်ပြဖို့ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားဟာ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက ခုချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ သူဟာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန် အဆိုပြုထားပါတယ်။ မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို အမေရိကန်၊ သြစတြေးလျား၊ ချက်ပြည်သူ့သမတနိုင်ငံ စတဲ့ နိုင်ငံတွေက ထောက်ခံထားပါတယ်။

ပဲခူုးမြို့မှာ စစ်တပ်က ပစ်ခတ်ခဲ့လို အရပ်သားလူငယ်နှစ်ဦး သေဆုံးရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။ ဒီလို မတရားမှုတွေကနေ လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို တိုင်းပြည်ကို အုပ်ချုုပ်နေတဲ့သူတွေ စစ်ခေါင်းဆောင်တွေ သိဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းကလည်း တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီဖြစ်ရပ်အပေါ် သက်ဆိုင်ရာက ထိုက်သင့်သလို အရေးယူ ဆောင်ရွက်စေလိုကြောင်းနဲ့ ဒီကိစ္စကြောင့် စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုပါတယ်။

ပြည်သူုတွေ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို ခြောက်လှန့်သလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတဲ့ စစ်ဗိုလ်စစ်သားတွေကို အရေးယူအပြစ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိက တာဝန်ရှိကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်စီရင်ရာမှာလည်း နစ်နာသူ မိသားစုတွေရဲ့ ရှေ့မှောက်မှာ ပြစ်ဒဏ်စီရင်ခြင်းမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ က သုံးသပ်ချက် ထုတ်ပြန်ပါတယ်။

မှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဌေး ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့ကလည်း မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။

ပဲခူးမှ လူငယ်နှစ်ဦး ပစ်သတ်ခံရမှု
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-09-10 03:28

မင်းတို့မှသြေနတ်ရှနေတာကိုးခုပ်ထားကြပေါ့ကွာတနေ့ခွေးပြေးပြေးရမဲ့ရက်ရောက်လာမှာပါ