ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားရန် စီစဉ်နေ

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လာမဲ့ သုံးလအတွင်း သွားရောက် စုံစမ်းနိုင်ဖို့ စီစဉ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က RFA ကို ဒီကနေ့ မတ်လ ၁၇ ရက်မှာ ပြောပါတယ်။

0:00 / 0:00

မစ္စတာကင်တားနား။ ။ “မြန်မာအစိုးရက ကျနော် နောက်ထပ်သွားရောက်မဲ့ ခရီးစဉ်ကို လက်ခံတယ် ဆိုတာ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော့်အနေနဲ့ သွားရောက်မဲ့ ရက်အတိအကျနဲ့ ခရီးစဉ် အသေးစိတ်ပါဝင်တဲ့ အဆိုပြုချက် စာတစောင်လည်း မကြာခင် မြန်မာအာဏာပိုင်တွေထံ ပေးပို့ဖို့ စီစဉ်နေပါပြီ၊ ဇွန်လမတိုင်ခင် သွားရောက်ဖို့ မျှော်လင့်ထားပါတယ်”

မစ္စတာ ကင်တားနားဟာ ၂၀၁၁ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို ပြီးခဲ့တဲ့ တနင်္လာနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဖတ်ကြား တင်ပြခဲ့ပါတယ်။

သူ့ရဲ့ တင်ပြချက်ထဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆက်လက် ဆိုးဝါးနေဆဲ ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်သွားအောင် အစိုးရက တာဝန်ယူ ဆောင်ရွက်မှု မရှိဘူး ဆိုရင် နိုင်ငံတကာ ဝင်ရောက် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ တာဝန်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် မစ္စတာ ကင်တားနားက ရှေ့ဆက်လက် ဆောင်ရွက်သွားမဲ့ လုပ်ငန်းစဉ်မှာ အစိုးရသစ်နဲ့ ဆွေးနွေးမှု မြှင့်တင်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး ဗျူဟာကို ချမှတ် အကောင်အထည် ဖော်သွားမယ်လို့ ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန် ပြောဆိုတဲ့အတွက် စစ်အစိုးရက ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားတာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်ပါတယ်။

ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မစ္စတာကင်တားနား အခုနှစ် တင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ ထူးခြားချက်အဖြစ် မြန်မာနိုင်ငံ ပညာရေးနဲ့ ပတ်သက်လို့ အကျယ်တဝင့် ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ကောက်နုတ် တင်ပြထားပါတယ်။

ကောက်နုတ်တင်ပြချက်

အသံဖိုင်ယူရန်