မြန်မာ အလှည့်ကျအာဆီယံ ဥက္ကဌ တာဝန်ယူဖို့ မေးခွန်းထုတ်

လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပါရဲ့လားလို့ ဝေဖန်သူတွေက မေးခွန်းထုတ်ကြပါတယ်။

လာမယ့် ၂ဝ၁၄ ခုနှစ်မှာ အလှည့်ကျ အာဆီယံဥက္ကဌ တာဝန်လက်ခံဖို့ သမ္မတ ဦးသိန်းစိန်ဟာ ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၃ ကြိမ်မြောက် အာဆီယံညီလာခံကို တက်ရောက်နေပြီဖြစ်ပါတယ်။ ဒေသတွင်း စီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးတက်ဖွံ့ဖြိုးရေး ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို အလှည့်ကျ အာဆီယံဥက္ကဌအဖြစ် ဒီကနေ့တရားဝင်ခန့်အပ်မှာပါ ။ တကယ့် အာဆီယံ ဥက္ကဌတာဝန်တွေကိုတော့ ၂ဝ၁၄ ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကဲခတ်တချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာဟာ အာဆီယံဥက္ကဌဖြစ်ဖို့ အချိန်မတန်သေးဘူးလို့ဆိုကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က မြန်မာ့ ပြုပြင်ပြောင်းလဲမှုတွေဟာ မပြည့်စုံသေးဘူးလို့ ပြောဆိုခဲ့ သလို၊ Fortify Rights အဖွဲ့က မြန်မာ့အရေးလေ့လာသူ Matthew Smith ကလည်း လူ့အခွင့်အရေး ထောင့်က ကြည့်ရင် မြန်မာကို ဥက္ကဌနေရာဟာ မြန်မာအစိုးရအတွက် မရဖူးတဲ့ဂုဏ်တစ်ရပ်ဖြစ်ပါတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း လူနှစ်သိန်းခွဲကျော် နေရာရွှေ့ပြောင်းခံခဲ့ရတယ်၊ စစ်ကြောင့်ဖြစ်ရတဲ့ ချိုးဖေါက်မှုတွေလည်းရှိနေတုန်းပါ၊ ရခိုင်ပြည်နယ်က လူမျိုးစုပြဿနာကလည်း အာဆီယံဒေသအဆင့် ဒုက္ခသည် အကြပ်အတည်းတစ်ခုဖြစ်လာနေပါတယ်၊ ဒီကိစ္စတွေဟာ အာဆီဥက္ကဌအဖြစ်နဲ့ မလျော်ကန်ပါဘူးလို့ ပြောပါတယ်။

ပြည်တွင်း နိုင်ငံရေးအကဲခတ်တစ်ဦးကလည်း မြန်မာခေါင်းဆောင်တွေအနေနဲ့ ကိုယ့်ပြည်တွင်းပြဿနာတွေကို ပြေလည်အောင်မရှင်းနိုင်ဘဲနဲ့ ၊ ဒေသတွင်းခေါင်းဆောင်အခန်းကဏ္ဍကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ မေးခွန်းထုတ်စရာပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်သမ္မတရဲ့ပြောခွင့်ရသူကတော့ မြန်မာနိုင်ငံမှာ ပြဿနာတွေရှိနေတယ်ဆိုတာ လက်ခံပါတယ်၊ ဒါပေမဲ့မြန်မာဟာ သူ့အတိုင်းအတာနဲ့သူ အကောင်းဆုံးဆောင်ရွက်သွားမယ်လို့ ယုံကြည်ပါတယ်လို့ ပြောခဲ့သလို၊ ကမ္ဘောဒီးယား လူ့အခွင့်အရေးခေါင်းဆောင်တစ်ဦးကလည်း မြန်မာကို လူရှေ့သူရှေ့ နေရာပေးလိုက်ရင် ပြုပြင်ပြောင်းလဲမှုတွေ အတွက် အကျိုးရှိလိမ့်မယ်လို့ ပြောဆိုသူပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကတော့ တဖြည်းဖြည်းပြောင်းလဲနေတဲ့ မြန်မာနိုင်ငံမှာ အခက်အခဲတွေရှိနေပေမဲ့၊ အချိန်တန်တော့လည်း အာဆီယံဥက္ကဌ ဖြစ်လာတဲ့သဘောပါပဲလို့ ပြောကြားခဲ့ပါတယ်။