ချင်းပြည်နယ် ရေဘေးဒုက္ခသည်တွေအတွက် တေးရေး၊ တေးဆို ကိုနေဝင်း မဇ္မျိမလှိုင်း ဦးဆောင်တဲ့ RAGA ရာဂါ ဂီတကဗျာအဖွဲ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေအဖွဲ့ကို ကျပ်ငွေ ဆယ်သိန်း မနေ့က လှူဒါန်းလိုက်ပါတယ်။
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းမှာ ကျင်းပတဲ့အခမ်းအနားမှာ ဂီတကဗျာအဖွဲ့ ကိုယ်စား တေးရေးတေးဆို ကိုနေဝင်း က NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို ပေးအပ်ခဲ့တာပါ။
ရေဘေးကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့အများအပြားရှိတဲ့အထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကို ရွေးချယ်ပေးအပ်ခဲ့တဲ့အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားရှိတဲ့စေတနာကြောင့်ပါပဲလို့ ကိုနေဝင်းကပြောပါတယ်။
"အဲဒါကတော့ ကျနော်တို့အားလုံး တိုင်ပင်ဆုံးဖြတ်တာပေါ့လေ၊ ကျနော်တစ်ယောက်တည်း ဆုံးဖြတ်တာမဟုတ်ဘူး၊ အဲ့ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့"
ဦးဉာဏ်ဝင်းကလည်း မြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့ ရေဘေးနဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိကလုပ်ဆောင်ခဲ့သူတွေဟာ အခုလို ပြည်သူတွေပဲဖြစ်ပါတယ်လို့ ပြောပါတယ်။
"ဒီလိုရေဘေးဒုက္ခ သဘာဝဘေးဒုက္ခကို အားလုံးဒီလိုနည်းနဲ့ ရှင်းရမှာပဲ၊ အစိုးရလည်း သိပ်အားကိုးလို့မရဘူး၊ သူ့ချည်းပဲအားလုံးနေလို့မဖြစ်ဘူး၊ ပြည်သူလူထုအားလုံးကဒီလိုပဲ စုစုစည်းစည်းနဲ့ ဖြေရှင်းကြရမှာပဲ၊ သက်သာရာသက်သာကြောင်းပေါ့ အားလုံးပြေလည်မယ်လို့တော့မရှိဘူး"
ဒီအလှူငွေပေးအပ်ပွဲကို RAGA ဂီတကဗျာအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကဗျာဆရာကိုစောဝေ၊ ကိုတွက်ကီ၊ ကိုအိချို၊ ရာဝဏ္ဏ၊ ကိုတင်အုန်း စသူတွေလည်း တက်ရောက်ခဲ့ပါတယ်။
