ကလေးနှစ်ယောက်ကန့်သတ်မိန့် ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ထုတ်ပြန်ဖို့ ဆန္ဒပြတောင်းဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ မွတ်စလင် အိမ်ထောင်စုတွေ တစ်အိမ်ထောင်ကလေး နှစ်ဦးထက် ပိုမယူရေး ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့် ကို ထောက်ခံကြောင်းနဲ့ အဲဒီအမိန့်ကို ရခိုင်ပြည်နယ် တစ်ခုလုံးအတွက်ပါ သတ်မှတ်ပေးဖို့အတွက် စစ်တွေမြို့မှာ ဒီကနေ့ နေ့လည်ပိုင်းက မြို့ခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေက အစိုးရက အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ရတဲ့ မွတ်စလင်လူဦးရေ စာရင်းကောက် ခံမှု စစ်ဆေးမှုတွေကို ဆက်လက်အကောင်အထည်ဖော်ပေးဖို့ ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ရခိုင်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးကွန်ရက်(ဥက္ကဌ) ဒေါ်ညိုအေးက RFA ကို အခုလို ပြောပါတယ်။

"ကျမတို့က ကောင်းတယ်လို့ယူဆတယ်၊ ဘာ့ကြောင့်လဲဆိုရင် ၁၉၉၇ ခုနှစ် ဒီဘက်လွန်ကတည်းကလဲ အဲလိုအမိန့်မျိုးထုတ်ပြန်ခဲ့ဘူးတယ်ဆိုတာကို ကျမတို့လေ့လာချက်အရသိရပါတယ်၊ ဒါပေမယ့် အဲဒီအတိုင်းတော့ဖြစ်မလာဘူးပေါ့နော်၊ ဖြစ်မလာတဲ့ အချိန်မှာ ဒီအချိန်ဒီကာလာမှာတော့ ဒါတွေဟာ ဥပဒေထုတ်ပြန်တာ အသင့်တော်ဆုံးလို့ ကျမတို့ ယူဆပါတယ်”

ဒီကနေ့ဆန္ဒပြပွဲကို လူမှုအဖွဲ့အစည်း ၁၄ ခုလောက်နဲ့ မြို့မိမြို့ဖတွေ၊ စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၊ ပြည်ထောင်စုကြံံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ စတဲ့ပါတီတွေက တာဝန်ရှိသူတွေ ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

အလားတူဆန္ဒပြပွဲကို ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာပြုလုပ်ဖို့အတွက် သျှစ်သောင်းဘုရားမှာ မြို့ခံ ၅ဝဝ လောက်စုဝေးခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့က လာရောက်ဟန့်တားခဲ့တဲ့အတွက် လူစုခွဲခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။