သန်းခေါင်းစာရင်းမှာ ရိုဟင်ဂျာ အမည် လက်မခံနိုင်ကြောင်း စာပေးပို့ တောင်းဆို


2014.03.18
census-rohingya-code-305.jpg ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ရိုဟင်ဂျာအမည်မသုံးဖို့ စစ်တွေမြို့မှာ မတ်လ ၁၆ ရက်နေ့က ဒေသခံတွေ ဆန္ဒပြစဉ်
Photo: RFA

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်မှာ ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရကဖြစ်စေ၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ကဖြစ်စေ ရိုဟင်ဂျာအမည်ကို ထည့်သွင်းရေးသားခွင့် မပြုကြောင်း ရခိုင်တိုင်းရင်းသားတွေက ဗဟိုသန်းခေါင် စာရင်းကော်မရှင်ကို ဒီကနေ့ စာရေးသားတောင်းဆို လိုက်ပါတယ်။

အစိုးရအနေနဲ့ အဲဒီတောင်းဆိုချက်ကို မတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ပြန်ကြေညာပေးရ မှာဖြစ်ပြီး အဲဒီလို မကြေညာပေးဘူးဆိုရင် သန်းခေါင်စာရင်းစီမံကိန်းကို သပိတ်မှောက်သွား မှာ ဖြစ်တယ်လို့ စာရေးသားပေးပို့ရာမှာ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ရခိုင်လူမှုကွန်ရက်က ဦးကျော်ဇောဦးက ပြောပါတယ်။

"ပြီးခဲ့တဲ့ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများနဲ့ စစ်တွေမြို့မှာ အကြီးအကျယ် လူထုဆန္ဒပြမှုတွေဖြစ်ခဲ့တယ်၊ ပြီးတော့ ၂၁ ရက်နေ့မတိုင်ခင် အစိုရကနေပြီးတော့ ဒီအချက်ကို ခွင့်မပြုကြောင်း ကြေညာချက် ထုတ်ပေးရမယ်ပေါ့နော်၊ အဲဒီနေ့မှာ ထုတ်ပြန်ကြေညာခြင်းမပြုရင် ရခိုင်ပြည်သူလူထုတွေအနေနဲ့ အဲဒီသန်းခေါင်စာရင်းကို သပိတ်မှောက်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်၊ အဲဒီလူထုရဲ့ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာလူတွေသိအောင် တာဝန်ပေးခံရတဲ့ ကော်မတီဝင်တွေအနေနဲ့ စာရေးသားပေးပို့တာပါ"

ရိုဟင်ဂျာဆိုတဲ့အမည်ဟာ တစ်ဘက်နိုင်ငံကနေ တရားမဝင် ဝင်ရောက်နေထိုင်သူတွေက လုပ်ကြံဖန်တီးထားတဲ့ အမည်တစ်ခုသာဖြစ်သလို ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေရဲ့ အဓိကအကြောင်းရင်းခံ ကိစ္စရပ်တစ်ခုလည်းဖြစ်တာကြောင့် အဲဒီအမည်ကို နိုင်ငံတော်အဆင့် သန်းခေါင်စာရင်းမှာ ထည့်သွင်းရေးသားခွင့်မပြုဖို့ တောင်းဆိုနေရတာလို့လည်း ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီကနေ့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ပေးပို့တဲ့စာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင် လွှတ်တော်ဥက္ကဌတွေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ဆီကိုလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်ကျော်မှာ သန်းခေါင်စာရင်း ပုံစံစာရွက်မှာပါတဲ့ 'အခြား' ဆိုတဲ့ လူမျိုးအမည်ရဲ့ ဘေးကွက်လက်မှာ ရိုဟင်ဂျာဆိုတာကို ထည့်သွင်းရေးသားခွင့်မပြုဖို့ သိန်းနဲ့ချီတဲ့ ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။