ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ညက မင်းပြားမြို့ ပိုက်သည်ရွာမှာစတင်ခဲ့တဲ့နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေက မနေ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ မင်းပြားမြို့နယ် သရက်အုပ်၊ စမ်းဘလီ၊ အောင်ဒိုင်ကျေးရွာတေ ွနဲ့ မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာနဲ့ ဒီကနေ့ ယိုင်သည်ကျေးရွာအထိ ဆက်လက်ကူးစက်ဖြစ်ပွားခဲ့တာပါ။
ရခိုင်ပြည်နယ်ဥပဒေချုပ်လည်းဖြစ်၊ ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဌ ဦးလှသိန်းက ကျေးရွာ ၆ ရွာမှာ နေအိမ် အလုံးရေ ၆၆၀ လောက် လောင်ကျွမ်းခဲ့ပြီး သေဆုံးသူ ၃ ယောက်ရှိတယ်လို့ နောက်ဆုံးအခြေအနေကိုပြောပါတယ်။
အခုဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒဏ်ရာရသူတွေကို အတိအကျထုတ်ပြန်နိုင်ခြင်း မရှိသေးပေမယ့် ဒေသခံတွေ အဆိုအရ ဒီကနေ့ အချိန်အထိ ဒဏ်ရာရသူ ၂၀ ဦးခန့် ရှိနေတယ်လို့ ပြောပါတယ်။
မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ ဒေသအာဏာပိုင် တွေက မနေ့ညကစတင်ပြီး ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို မြို့နယ် ၂ ခုစလုံးမှာ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေထဲက အပြန်အလှန်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်ချထားပါတယ်။ အလားတူပဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ မနေ့ကည ၁၀ နာရီလောက်မှာ လူမျိုး ၂ ခုအကြား နှစ်ဘက်တင်းမာမှုတွေဖြစ်ပွားခဲ့ပြီး မြို့ပေါ်မှာရှိတဲ့ ဗလီ ၁ လုံး မီးရှို့ခံခဲ့ရတယ်လို့သိရပါတယ်။ ဒီကနေ့ ညနေပိုင်းအထိ ကျောက်ဖြူမြို့ပေါ်မှာ နှစ်ဘက်တင်းမာမှုတွေ ဆက်လက်တိုးပွား လာနေပြီး လုံခြုံရေးတွေကို တိုးချထားဖို့ စီစဉ်နေတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကဆိုပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ ပဋိပက္ခအခြေအနေတွေ ထပ်ပြီးတော့ကြီးထွားလာမယ်ဆိုရင် အဓိကရုဏ်းနှိမ်းနင်းမှု ဥပဒေအတိုင်း ဒေသအာဏာပိုင်တွေနဲ့ ဆက်လက်ဆောင်ရွက်သွာဖို့ရှိတယ်လို့ သိရပါတယ်။
