ရခိုင်အရေး တရားဥပဒေ စိုးမိုးရေးကော်မတီ ကြေညာချက် ထုတ်ပြန်မည်

ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီနဲ့တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တွေပူးပေါင်းပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီအသီးသီးက ကိုယ်စားလှယ် ၃၀ လောက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ညက ရခိုင်ပြည်နယ်အရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီအစည်းအဝေးက ထွက်ပေါ်လာတဲ့ သဘောထားတွေ၊ ဆောင်ရွက်နိုင်မယ့်အခြေအနေတွေကို ကြေညာချက် ထုတ်ပြန်ဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တစ်ဦးစီနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်တို့ ဒီကနေ့ ညနေမှာ တွေ့ဆုံပြီး မူကြမ်းရေးဆွဲခဲ့တယ်လို့လဲ ဆိုပါတယ်။

အဲဒီ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။

0:00 / 0:00