ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၆ ခုမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့်ကို နောက်ထပ်သက်တမ်းနှစ်လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။
မြို့နယ် ၆ ခုမှာ ပုဒ်မ- ၁၄၄ ညမထွက်ရအမိန့် ထပ်မံသက်တမ်းတိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဌ၊ ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက အခုလို ပြောပြပါတယ်။
"ပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားတဲ့အခါမှာ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်တွေမှာ ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရကို ထပ်ပြီးတော့ သက်တမ်းတိုးတယ်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်မှာလည်း ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ သက်တမ်းတိုး ထုတ်ပြန်ထားပါတယ်"
ပြီးခဲ့တဲ့ ၂ဝ၁၂ ဇွန်လတွင်းကစလို့ ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ထပ်မံတိုးလိုက်တာဖြစ်ပါတယ်။
စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တွေမှာတော့ မနေ့က ဇွန်လ ၁ဝ ရက်နေ့မှာ ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။