ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း သေဆုံးသူ ၅၀ အထိရှိလာ

ရခိုင်ပြည်နယ်မှာ မေ ၂၈ ရက်က ဇွန် ၁၄ ရက်အတွင်းဖြစ်ပွားသွားတဲ့ ပဋိပက္ခအတွင်း လူ ၅၀ သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ အစိုးရ သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။

အကြီးတန်း တာဝန်ရှိသူတစ်ဦး ကတော့ မူဆလင် ၁၆ ဦးနဲ့ ဗုဒ္ဒဘာသာဝင် ၁၃ ဦး သေဆုံးတယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဝေးလံတဲ့နေရာက ဒေသခံတွေကတော့ ဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တော်က ကယ်ဆယ်ရေး စခန်းတွေမှာ ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေတုန်းပဲလို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဒုက္ခသည် စခန်း ၃၇ ခုဖွင့်လှစ်ထားရှိပြီး လူ ၃၁၀၀၀ ကျော် ခိုလှုံနေပါတယ်။ စစ်တွေမြို့မှာ ဒုက္ခသည်စခန်း ၁၇ ခု၊ ရသေ့တောင်မှာ ၁၄ ခု၊ ပုဏ္ဍားကျွန်းမှာ ၄ ခု၊ ပေါက်တောမှာ ၂ ခု ဖွင့်လှစ် ထားရှိပါတယ်။

နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်တဲ့ အဖွဲ့ ဟာ မောင်တောမြို့နယ် တောင်ဘက်ခြမ်းက ဖျက်ဆီးခံရတဲ့ တိုင်းရင်းသား ၇ ရွာနဲ့ ဒီ ရွာတွေနားက ဘင်္ဂါလီ ကျေးရွာတွေကို သွားရောက်ခဲ့တဲ့ကြောင်း ဒီနေ့ထုတ် သတင်းစာတွေမှာ ပါရှိပါတယ်။