အထက်ညွှန်ကြားချက်နဲ့ ဆန့်ကျင်ပြီး မင်းပြားဒေသမှာ သီးစားခတွေ ကောက်ခံ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အဝရွာကျေးရွာ အုပ်စုမှာပါဝင်တဲ့ ကျေးရွာ ၅ ခုက လယ်ဧက ၂၈၀ ကျော် အတွက် ခမရ-၃၈၀ တပ်ရင်းက ဒုအရာခံဗိုလ် ဦးချစ်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ထောင့်ချေကျေးရွာမှာ ယာယီစခန်းဆောက်လုပ်ပြီး လယ်သမားတွေဆီက သီးစားခစပါးတွေကို စတင်ကောက်ခံနေပြီလို့ သိရပါတယ်။

စစ်တပ်ကသိမ်းပိုက်ထားတဲ့ လယ်မြေဧက ၂၈၀ ကျော်အတွက် တစ်ဧကကို စပါး ၁၁ တင်းနှုန်းကျစီ ကောက်ခံနေတာ ဖြစ်တယ်လို့ ဒေသခံလယ်သမား တစ်ဦးဖြစ်သူ ဦးရာထွန်းစိန်က RFA ကိုပြောပါတယ်။

အစိုးရအနေနဲ့ ပြီးခဲ့တဲ့ မေလအတွင်းက ပြည်နယ်အတွင်းမှာရှိတဲ့ လယ်သမားတွေဆီကနေ သီးစားခတွေ မကောက်ခံဖို့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေဆီက တစ်ဆင့် ဌာနဆိုင်ရာတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်တပ်က အခုလို ကျေးရွာတွေကို ဆင်းပြီး သီးစားခစပါးတွေ ကောက်ခံနေတဲ့အပေါ်မှာ လယ်သမားတွေက မကျေမနပ်ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။