ရခိုင်ပြည်နယ်က မြို့နယ်အတော်များများမှာ ရေလွှမ်းနေတဲ့အတွက် ဒီနေ့အထိ သေဆုံးသူ ၁၈ ဦးရှိပြီး ဒုက္ခသည် စခန်းပေါင်း ၁၃၀ ကျော် ဖွင့်လှစ်ထားရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က မုန်တိုင်းဖြစ်ပြီး ရေကြီးခဲ့ရတာကြောင့် ရေဘေး လွတ်ရာရွှေ့ပြောင်းခဲ့ကြရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ပြောပါတယ်။
"ရေတိုးလာတော့ အားလုံးက နီးစပ်ရာဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့ အဲ့လိုနေရာတွေ မှာရွေ့ပြီးတော့ နေကြတာပါ၊ ဇူလိုင်လ ၃၀၊ ၃၁ လောက် မှာပါ၊ ရေက ၂၄ ရက်နေ့လောက်တည်းက တိုးနေတာကိုး စုစုပေါင်း ကျနော်တို့ဆီမှာ စခန်းပေါင်း ၁၃၀ ရှိတယ်၊ ဒီထက်ပိုနိုင်ပါတယ်၊ အိမ်ထောင်စုပေါင်း ၆၂၃၂ ရှိတယ်၊ လူဦးရေ ကတော့ ၃၃၀၈၈ ရှိတယ်၊ ဒါကျနော်တို့ရတဲ့စာရင်းပေါ့၊ ဒီ့ထက်ပိုနိုင်ပါတယ်"
ရေလွှမ်းမိုးမှုကို အဆိုးဆုံးခံနေရတဲ့ မြို့တွေကတော့ မောင်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စတဲ့ မြို့နယ်တွေဖြစ်ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးတာအပြင် ကုလားတန်မြစ်နဲ့ လေးမြို့မြစ်တွေက စိုးရိမ်ရေ အမှတ် ကျော်လွန်ခဲ့တာကြောင့် အဲဒီမြို့တွေမှာ ရေကြီးခဲ့တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါးလောက်မှာ ရေလမ်း၊ ကုန်းလမ်း သွားလာရေးခက်ခဲနေပြီး အစိုးရက စားနပ်ရိက္ခာတွေကို ရဟတ်ယာဉ်တွေနဲ့ လိုက်လံချပေးနေ တယ်လို့ ပြောပါတယ်။
ဒေသခံတွေအဆိုအရ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ဘူးသီးတောင်မြို့နယ်တွေက အလှမ်းဝေး တဲ့ ကျေးရွာတွေမှာ အကူအညီ မရရှိကြဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
