ရခိုင်ပြည်နယ်မှာ ရေကြီးတာကြောင့် ဘူးသီးတောင်မြို့မှာ မနေ့က လူတစ်ဦးသေဆုံးခဲ့ပြီး မင်းပြားမြို့နယ် က ကျေးရွာအတော်များများဟာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
မင်းပြားမြို့နယ် ဖုံသာချောင်းနဲ့ ပန်းမြောင်းကြီးချောင်းဘက်က ကျေးရွာတွေမှာ သောက်ရေကန်တွေထဲ ရေတွေ ဝင်ကုန်တာမို့ သောက်ရေအခက်အခဲနဲ့ အများဆုံးရင်ဆိုင်နေရတယ်လို့ ရေဘေးကယ်ဆယ်ရေး ကူညီပေးနေတဲ့ မင်းပြားမြို့ခံ ကိုကျော်ဆန်း က ပြောပါတယ်။
"မင်းပြားကြီးမြို့နယ် ဖုံသာချောင်းနဲ့ ပန်းမြောင်းကြီးချောင်းဘက်တွေက တော်တော်များများမြုပ်တယ်ဗျ၊ အိမ်တွေက အကုန်မြုပ်သွားတော့ နေမယ့်ဟာကမရှိဘူး၊ ရွာမှာလည်းနေရာမရှိတော့ တောင်ပေါ်တွေမှာ သွားပြီးနေနေရတယ်၊ သောက်ရေကန်တွေ ရေကြီးပြီး ရေတွေအကုန်ဝင် သောက်မရတော့ဘူးပေါ့၊ မိုးရွာတော့ မိုးရေခံသောက်လို့တော့ရတာပေါ့၊ အခုကျတော့ မိုးမရွာတော့ သူတို့က ဟိုးအဝေးကြီး တောင်ယာတွေမှာ စိမ့်ရေတွေကို သူတို့သွားခတ်ပြီး သောက်နေရတာပေါ့၊ သူတို့ သောက်ရေက ပြဿနာနည်းနည်းရှိတာပေါ့"
မင်းပြားမြို့နယ် ဝါးတောင်၊ ချင်းဆိပ်၊ တောတန်း၊ ပွဲယကံဆိပ်၊ မင်းဖူး၊ အိုးပျဉ်တောင်၊ ပေါက်တော၊ ထိန်ပင်၊ နန်းတက်၊ မြင်းကဆိပ် စတဲ့ကျေးရွာတွေမှာ ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာနဲ့ သောက်သုံးရေအတွက် အကူအညီတောင်းခံမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
မင်းပြားမြို့နယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ လေးမြို့မြစ်ရေဟာ ဒီနေ့မှာ အနည်းငယ်ပြန်ကျသွားပြီ ဖြစ်ပေ မယ့် ဒေသခံတွေကတော့ ဘေးလွတ်ရာမှာ ရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်ပါတယ်။
ရေကြီးတာအပြင် ကမ်းပါးတွေပြိုတာကြောင့်လည်း မင်းပြားမြို့နယ် နဂရာကျေးရွာအုပ်စု ကျွန်းတောရွာ နဲ့ ဘော်လီကျေးရွာတွေမှာ နေအိမ် ၁၀ လုံးကျော်လောက် ရေထဲမျောပါသွားသလို လက်မကျေးရွာမှာလည်း အိမ်အလုံး ၂၀ လောက်ကို အချိန်မီဖြိုဖျက်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်လောက်ကနေ မိုးအဆက်အပြတ် ရွာသွန်းခဲ့တာကြောင့် မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ် ပေါ်ခဲ့တာပါ။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လတ်တလောရရှိတဲ့ စာရင်းအချက်အလက်တွေအရ မင်းပြားမြို့နယ်မှာ ရပ်ကွက် ၃ ခုနဲ့ ကျေးရွာပေါင်း ၄၅ ရွာ၊ မြောက်ဦးမြို့မှာ ရပ်ကွက် ၄ ခုနဲ့ ကျေးရွာပေါင်း ၁၆ ရွာ၊ ကျောက်တော်မြို့နယ် မှာ ကျေးရွာပေါင်း ၁၃ ရွာ၊ မြို့နယ် ၃ ခုပေါင်းအတွက် အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်နဲ့ လူပေါင်း ၁၈၀၀၀ ကျော်လောက်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
