ရေယာဉ်နစ်မြုပ်မှု ရှာဖွေရေး လုပ်ငန်းများ ယာယီရပ်ဆိုင်း


2015.03.22
aung-ta-gon-ship-305.jpg အောင်တံခွန် အမှတ်(၃) ခရီးသည်တင်ရေယာဉ်ဟာ မတ်လ ၁၃ ရက်နေ့ညက နစ်မြုပ်ခဲ့ရာမှာ ကယ်ဆယ်ရေး ဆောင် ရွက်နေကြစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ အောင်တံခွန် အမှတ်(၃) ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ နဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့ လုပ်ငန်းတွေ ကို ပြည်နယ်အစိုးရက ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။

နစ်မြုပ်သွားတဲ့ ရေယာဉ်ပေါ် သေဆုံးသူတွေရဲ့ ရုပ် အလောင်းတွေမရှိတော့ဘူးဆိုတာကို ကူညီကယ် ဆယ်ရေးအဖွဲ့တွေနဲ့ ရွာခံတွေဆီက အတည်ပြုချက်ရယူ ပြီး ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။

"ရုပ်အလောင်းတွေ မရှိနိုင်တော့ဘူးဖြစ်တဲ့အတွက် လူကိုတော့ထပ်မရှာတော့ဘူး၊ ပစ္စည်းတွေကိုတော့ သူတို့ဘာသာ ထုတ်မယ့်အစီအစဉ် ကိုတော့ နောက်တစ်မျိုးစီမံမှာပေါ့၊ ရက်က လည်း တော်တော်ကြာလာပြီ၊ နောက်အဲ့မှာလည်း လှိုင်းနဲ့လေနဲ့ဆိုတော့၊ နောက်ပြီးတော့ကိုယ်တို့ကလည်း အစိုးရတစ်ရပ်အနေနဲ့ အပြောအဆိုမခံချင်ပါဘူး၊ လူထုကလည်း တောပြောတောင်ပြောဆိုတော့ နောက်ဆုံး ကိုယ်တို့ဆီကမဆုံးဖြတ်ဘူး၊ ဓူဝံကြယ်က ငှားတဲ့အရပ်သားရေငုပ်သမားတွေနဲ့ ရွာသူရွာသားတွေ ရဲ့လက်မှတ်တွေမှာ ယူပြီးတော့မှ ယာယီရပ်ဆိုင်းခြင်းဖြစ်ပါတယ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း ဒီနေ့ပဲ အပေါ်ကိုတင်ပါ့မယ်၊ အားလုံးလည်း ကိုယ်တို့စီစဉ်ပြီးပါပြီ၊ ကိုယ်တို့အစိုးရဘက်ကတော့ လုပ်သင့်လုပ်ထိုက် တာကို အားလုံးလုပ်ပြီးသွားပါပြီ"

နစ်မြုပ်ရေယာဉ်ရဲ့ ယာဘက်နဲ့ ဘယ်ဘက်အခန်းတွေကို အထပ်သားတွေနဲ့ တည်ဆောက်ထားတာကြောင့် လူသေ အလောင်းတွေမကျန်အောင် နှစ်ဘက်စလုံး က အခန်းတွေကို ဖွင့်လိုက်ပြီးဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြော ပါတယ်။

အစိုးရဘက်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းလိုက်ပေမယ့် အရပ်ဘက်ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေကတော့ ပင်လယ်ပြင်ထဲမျောပါနေ တဲ့ ရုပ်အလောင်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်ရှာဖွေနေကြ ဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ညက အောင်တံခွန် အမှတ်(၃)ရေယာဉ်ဟာ တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကို လူ ၂၀၀ ကျော်တင်ဆောင်ခုတ်မောင်းလာ ရာ မြေပုံမြို့နယ် နောင်တော်မြစ်အတွင်းမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်အရ အဲဒီအထဲက လူ ၁၆၉ ဦးကို ကယ်တင်နိုင်ခဲ့သလို သေဆုံးသူအရေအတွက်ကတော့ ဒီနေ့အထိ ၆၃ ဦးရှိပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။