ရခိုင်ပြည်လွတ်မြောက်ရေး ပါတီကို ပြည်နယ် အစိုးရ ခေါ်ယူသတိပေး


2016.04.28
alp-statement-620.jpg ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ကြေငြာချက်ကို တွေ့ရစဉ်
.

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အစိုးရတပ်မတော်က ဥပဒေမဲ့ လုပ်ရပ်တွေရှိနေတဲ့အတွက် ရပ်တန့်ပေးဖို့ဆိုပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့တာကြောင့် အဲဒီကိစ္စအပေါ် ထုချေလွှာတင်ဖို့ ရခိုင်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ALP ပါတီ တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။

မနေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း က ခေါ် ယူတွေ့ဆုံပြီး ပြောခဲ့တာလို့ ALP ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးခိုင်မျိုးထွန်းက ပြောပါတယ်။

"ဗိုလ်မှူးကြီး ထိန်လင်း အပါအဝင် ရခိုင်ပြည်နယ် ရဲမှူးကြီး ဦးစိန်လွင် တို့က ဘာပြောလဲဆိုတော့ ကျနော့် ကို ကြေညာချက် ထုတ်ပြန်ချက်အတိုင်း ခိုင်လုံလားတဲ့၊ ကြေညာချက် ထုတ်ပြန်တဲ့အခါကျတော့ ခိုင်လုံတဲ့ အထောက်အထားတွေကို ကျနော်တို့ ပေးရမှာလို့ပြောတယ်၊ တကယ်လို့ ထုချေလွှာမပေးနိုင်ဘူးဆိုရင် အရေးယူရပါမယ်လို့ပြောတယ်"

အဲဒီထုတ်ပြန်ချက်အတိုင်း မမှန်ကန်ဘူးဆိုရင် ALP ရဲ့ ပြန်ကြားရေးအဖွဲ့ကို ဖမ်းဆီးအရေးယူသွားမယ် လို့ ပြောကြောင်း ဦးခိုင်မျိုးထွန်းက ပြောပါတယ်။

အစိုးရတပ်မတော်က ရခိုင်ပြည်နယ်မှာ ပေါ်တာဆွဲတာ၊ နေအိမ်တွေကနေ အဓမ္မရွှေ့ပြောင်းတာ၊ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာတွေနဲ့ စစ်မြေပြင်မှာ ဓားစာခံအဖြစ်အသုံးချနေတာတွေဟာ နိုင်ငံတကာဥပဒေတွေနဲ့ စစ်ရာဇဝတ် မှုတွေကို ကျူးလွန်နေတာဖြစ်တဲ့အတွက် ချက်ချင်းရပ်တန့်ပေးဖို့ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ုခဲ့တာပါ။

အဲဒီလုပ်ရပ်တွေဟာ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တည်ဆောက်ရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပြီး ပြည်တွင်းစစ်ဖြစ်ပေါ်လာရေးကို အားပေးနေသလိုဖြစ်နေကြောင်းလည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က သူတို့ရဲ့ ထုတ်ပြန်ကြေငြာချက်အတိုင်း မှန်ကန်ကြောင်းကို မနက်ဖြန် ဧပြီလ ၂၉ ရက်နေ့မှာ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းထံထုချေလွှာပေးပို့ဖို့ကိုလည်း သဘောတူခဲ့ကြောင်းပြောပါတယ်။

ALP ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးခိုင်မျိုးထွန်း ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။