ပြည်တွင်းပြည်ပ ရခိုင်ခေါင်းဆောင်များ တွေ့ဆုံ

ထိုင်းနိုင်ငံအခြေစိုက် ရခိုင်ပြည် အမျိုးသားကောင်စီဟာ ရခိုင်နိုင်ငံရေးပါတီတွေအပြင် ရခိုင်လူမှုရေး အဖွဲ့အစည်းတွေနဲ့ ဒီနေ့ ရန်ကုန်မြို့ Excel Tower မှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဝင်ရောက်ဆောင်ရွက်ပေးနိုင်မယ့် ရည်ရွယ်ချက်နဲ့ ရခိုင်နိုင်ငံရေးပါတီတွေ လူမှုအဖွဲ့အစည်းတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ရတာဖြစ်တယ်လို့ ရခိုင်ပြည် အမျိုးသားကောင်စီက ဗဟိုအလုပ်အမှုဆောင် ကိုနိုင်စိုးက ပြောပါတယ်။

“ငြိမ်းချမ်းရေးလမ်းစဉ်မှာ ကျနော်တို့ အခန်းကဏ္ဍ ဘယ်လောက်အထိနေနိုင်မလဲ၊ မြန်မာပြည် ရဲ့ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ ကျနော်တို့ ဘယ်နေရာ ဘယ်အခန်းကဏ္ဍကနေ ပူးပေါင်းပါဝင် သင့်သလဲဆိုတာကို ကျနော်တို့ ပြည်သူလူထုတွေက အကြံဉာဏ်တောင်းခံတာပဲ ဖြစ်ပါတယ်၊ သူတို့က ရခိုင်လက်တလော ဖြစ်နေတဲ့ဟာကို ငြိမ်းချမ်းအောင်ဖြေရှင်းဖို့ တစ်ဖက်တစ်လမ်းကနေ အကူအညီပေးဖို့ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကို ခေါင်းဆောင်မှုပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့ မျှော်လင့်နေတယ်ဆိုတဲ့ အကြောင်းတွေကို သူတို့ကပြောပါတယ်”

ရခိုင်ပြည် အမျိုးသားကောင်စီဟာ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရဲ့ဖိတ်ကြားချက်နဲ့ ရောက်ရှိလာပြီး အခုလို ရခိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ စစ်တွေ၊ မြောက်ဦးနဲ့ ကျောက်ဖြူ မြို့နယ်တွေမှာ လူထုတွေ့ဆုံပွဲတွေ ကျင်းပမယ်လို့ ပြောပါတယ်။