ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ တရုတ်နိုင်ငံ ခရီးစတင်

0:00 / 0:00

ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း နဲ့ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး တရုတ်ကွန်မြူနစ် ပါတီအနေနဲ့ ကြီးကြပ်ဆောင်ရွက်ဖို့ တိုက်တွန်းသွား မယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က ဒီနေ့ ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဋ္ဌာနရဲ့ ဖိတ်ကြားချက်နဲ့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေ တရုတ်နိုင်ငံကို ဒီနေ့ မထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

အဲဒီခရီးစဉ်မှာ ရခိုင်အမျိုးသားပါတီက ခေါင်းဆောင် ၃ ဦးအပြင်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနဲ့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တွေလည်းပါဝင်ပြီး ကိုးရက်ကြာလေ့လာရေးအဖြစ် သွားရောက်ကြတာ ဖြစ်ပါတယ်။

အရင်ကလည်း တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံခြားဆက်ဆံရေးဋ္ဌာနရဲ့ ဖိတ်ကြားချက်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တခြားနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ တရုတ်ပြည်ကို လေ့လာရေးခရီး သွားရောက်ခဲ့ကြ ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဦးအေးသာအောင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက လေဆိပ် မှာ တွေ့ဆုံမေးမြန်းထားပါတယ်။