ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ရည်ရွယ်ပြီး စစ်တွေမြို့ ဦးရဲကျော် သူကျောင်းတိုက်မှာ သီတင်းသုံးတဲ့ သံဃာတော် ဦးစက္ကိန္ဒဟာ စစ်တွေမြို့ကနေ မြောက်ဦးမြို့အထိ မိုင်ပေါင်း ၈၀ ခရီးကို ဒီနေ့ စတင်လမ်းလျှောက် ချီတက်နေပါတယ်။
အခုလို မိုင် ၈၀ ခရီးကို တစ်ပါးတည်း လမ်းလျှောက် တာဟာ ပြည်နယ်တွင်းမှာ ငြိမ်းချမ်းစေလိုပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက အာရုံစိုက် လုပ်ဆောင်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဦးဇင်း ဦးစက္ကိန္ဒက RFA ကို အခုလို မိန့်ကြားပါတယ်။
“ဦးဇင်းတို့ ဒေသဖွံ့ဖြိုးရေးက လုံးဝမရှိပါ ဘူး၊ ကျောက်ဖြူက ဂတ်စ်ဆိုလို့ရင်လည်း တရုတ်ကိုတင်ပို့ပြီးတော့ ရောင်းနေတဲ့အဆင့် ဖြစ်ပါတယ်၊ နောက်ဒီဒေသမှာလည်း ဒီရခိုင်အရေး ဆိုတာက ထိလွယ်ရှလွယ်တဲ့ အနေအထားဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် တည်တည် ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ ဒေသတစ်ခု ဖွံ့ဖြိုးလာအောင် အဲဘက်ကို လူတွေအာရုံရောက် လာအောင် အစိုးရလည်း အဲဘက်ကို အာရုံရောက်ပြီးတော့ အဲဒီလမ်းကြောင်းကို အကောင်အထည်ဖော် လာအောင် ဦးဇင်းက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုပြီး လမ်းလျှောက်တာပါ”
ရခိုင်ပြည်နယ်က သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံဆီ တင်ပို့ရောင်းချနေပေမဲ့ ရခိုင်ပြည်နယ်မှာ ဆင်းရဲနေတာကို အားလုံးသိစေချင်တယ်လို့လည်း မိန့်ကြားပါတယ်။
မြောက်ဦးမြို့အထိ ခရီးလမ်းတလျှောက်မှာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ကျေးရွာစာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေနဲ့ စာကြည့်တိုက်တွေကို မှတ်တမ်းတင်သွားမှာဖြစ်ပြီး ခရီးစဉ်ပြီးဆုံးသွားတဲ့အခါ အဲဒီမှတ်တမ်းအစီရင်ခံစာကို ရခိုင်ပြည်နယ်အစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတွေအထိ တင်ပြသွားမယ်လို့လည်း ဦးဇင်းက မိန့်ပါတယ်။