လူထုစည်းဝေးပွဲကို ရခိုင်ပြည်နယ် (၁၇) မြို့နယ်က ကိုယ်စားလှယ်တွေ အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့ပေါ်က ရခိုင် ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ်ဖို့ မနေ့က ကျင်းပတဲ့ ပွဲဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်းလည်း ကော်မတီဝင် တစ်ဦးဖြစ်သူ ကိုတေးနွယ်အောင်က RFA ကို ပြောပါတယ်။
မူလက မေယုမြစ်ဝှမ်းညီလာခံ အမည်နဲ့ ကျင်းပဖို့ ဆောင်ရွက်ခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က ကန့်ကွက်ခဲ့တဲ့အတွက် ရခိုင်ဒေသ လူထုစည်းဝေးပွဲအဖြစ် မနေ့က အစည်းအဝေးမှာ နာမည်သစ် ပြောင်းလိုက်ရတာ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ ရခိုင်လူထု စည်းဝေးပွဲက အတည်ပြု ရရှိလာတဲ့ အချက်အလက်တွေကို ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင်၊ နိုင်ငံတော် သမ္မတ အပါအဝင် လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂအထိ တင်ပြသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း ဘူးသီးတောင် မြို့နယ်လုံးဆိုင်ရာ သံဃာတော်ပေါင်း (၁၀၀)ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ဝံသာနုရက္ခိတ သံဃာတော်များအဖွဲ့က ဘူးသီးတောင်မြို့ မြို့မိ မြို့ဖတွေအပါအဝင် မြို့ခံလူထုတွေနဲ့ မနေ့ နေ့လည်ပိုင်းက တွေ့ဆုံပြီး ဘူးသီးတောင်မြို့နယ် အတွင်းက ရခိုင်တိုင်းရင်းသားတွေ ရှေ့ဆက်ပြီး တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
