ရခိုင်ဒေသလူထုအစည်းအဝေး ဆုံးဖြတ်ချက် ကုလသမဂ္ဂသို့ တင်ပြတောင်းဆိုမည်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ မနေ့ကစပြီး ၂ ရက်ကြာ ကျင်းပပြုလုပ်နေတဲ့ ရခိုင်ဒေသ လူထုအစည်းအဝေးကို ဒီကနေ့ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ ရခိုင်ပြည်နယ်တစ်ခုလုံးက လူထုကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်နယ်စပ်ဒေသမှာ တရားမဝင် ခိုးဝင်သူတွေ ရှိနေတဲ့အတွက် ပင်လယ်ပြင်နဲ့ နယ်စပ်လုံခြုံရေးကို အခိုင်အမာ တည်ဆောက်ပေးဖို့၊ ရခိုင်ဒေသက ထွက်ရှိတဲ့ သယံဇာတတွေကို ဒေသခံ ပြည်သူတွေအတွက် ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို နိုင်ငံတကာရဲ့ စံချိန်စံနှုန်းတွေအတိုင်း ပြည်ထောင်စု အစိုးရက ခံစားခွင့်ပေးဖို့၊ မြန်မာနိုင်ငံရှိ ဘင်္ဂါလီတွေရဲ့ လူဦးရေ ပေါက်ပွားနှုန်းကို ထိန်းချုပ်နိုင်တဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေပါဝင်တဲ့ အချက် ၁၈ ချက်ကို နိုင်ငံတော် အစိုးရကို တင်ပြတောင်းဆိုသွားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီဆုံးဖြတ်ချက်တွေကို ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (ရခိုင်ပြည်နယ်) အုပ်ချုပ်မှု ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်တဲ့ ကိုခိုင်ကောင်းစံက အစည်းအဝေးမှာ ဖတ်ကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ အခြေအနေတွေအရ ရခိုင်နဲ့ဘင်္ဂါလီ အတူယှဉ်တွဲ နေထိုင်ခြင်း၊ မြန်မာနိုင်ငံမှာ လုံးဝမရှိတဲ့ လူမျိုးဖြစ်တဲ့ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို ပြည်တွင်း ပြည်ပ မီဒီယာတွေက သုံးစွဲနေခြင်း၊ ရခိုင်တစ်မျိုးသားလုံး ရဲ့ အထွတ်အမြတ်ထားတဲ့ ဘာသာရေး ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတ၊ လက္ခဏာ အမှတ်အသားတွေကို ဘင်္ဂါလီ လူမျိုးခြားတွေက ပုံတူကူးယူ အသုံးပြုနေကြခြင်း စတဲ့အချက်တွေ ပါဝင်တဲ့ ကန့်ကွက်ချက် ၆ ချက်ကိုလည်း ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့ကြပါတယ်။

မနေ့က စတင်ကျင်းပခဲ့တဲ့ ဒီလူထုအစည်းအဝေးမှာ အာဏာပိုင်တွေက လူပေါင်း ၃၅၀ သာ ခွင့်ပြုထားပေမယ့် ဒီကနေ့မှာတော့ ဒေသတွင်းမြို့နယ်တွေက လူပေါင်း ၃၀၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ ဆွေးနွေးဆုံးဖြတ် အတည်ပြုတဲ့ အချက်တွေကို နိုင်ငံတော် သမ္မတ အပါအဝင် လွှတ်တော်ဥက္ကဋ္ဌတွေ၊ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ကမ္ဘာ့ကုလသမဂ္ဂအထိ တင်ပြတောင်းဆို သွားမယ်လို့လည်း သိရပါတယ်။