ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီအသစ်ဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လာမယ့် သြဂုတ်လကုန် နောက်ဆုံးထားပြီး မှတ်ပုံတင်သွားမယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
မှတ်ပုံတင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားမှာနဲ့ ပတ်သက်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလှမြင့်က RFAကို အခုလို ပြောပါတယ်။
"သြဂုတ်လ ၃ဝ ရက်နေ့ လကုန်ရက်ကို နောက်ဆုံးထားပြီးတော့တင်ဖို့ စီစဉ်ထားတယ်၊ RNDP နဲ့ ALD ရယ်ကနေ အဲဒါ ALD မှာ CEC တာဝန်ထမ်းဖို့ပေါ့နော်၊ CED လုပ်ငန်းကိုလုပ်ဖို့အတွက် ၁၅ ဦးစီပေးထားတယ်၊ အဲဒီလူစာရင်းရယ် ၊ ဖွဲ့စည်းပုံရယ်၊ မူဝါဒရယ်ကို ကော်မရှင်ကိုတင်မယ်၊ အဲဒါပါတီနှစ်ခုရဲ့ ပေါင်းစည်းရေးကို သဘောတူချမှတ်တယ်ဆိုရင် ကော်မရှင်ကချရင်ပြီးသွားပြီပဲနော်"
ပြီးခဲ့တဲ့ဇွန်လအတွင်းက ရခိုင်နှစ်ပါတီပူးပေါင်းပြီး ထူထောင်လိုက်တဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ လောလောဆယ် ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ မူဝါဒတွေကို မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်အောင် ရေးဆွဲနေတယ်လို့ သိရပါတယ်။