ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ထားရှိမှု ရခိုင်ဒေသခံတွေ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လှေစီးဒုက္ခသည်တွေကို ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောနယ်ကို လာရောက်ထားရှိတာနဲ့ ပတ်သက်ပြီး မြို့နယ်ပေါင်း ၁၀ ခုမှာ ဒေသခံပြည်သူတွေနဲ့ သံဃာတော်တွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ သူ့နိုင်ငံသားတွေကို အကုန်ပြန်ခေါ်ဖို့ အစီအစဉ်မရှိဘူးလို့ ယူဆကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။ ဘူးသီးတောင်မြို့က ဆန္ဒပြ သူ ဦးအောင်သောင်းရွှေက

"သူတို့မှက လူဦးရေတွေအများကြီးရှိနေတော့ တာဝန်ယူမှာ မဟုတ်ဘူး၊ အရင်တုန်းကလည်း ကျနော်တို့ဆီကို ခိုးလာတာအများကြီးရှိတယ်၊ ဘင်္ဂလားဒေ့ရှ်မှာ စားဝတ်နေရေးအဆင်မပြေလို့ နိုင်ငံတကာကို ထွက်ပြေးနေတာ၊ အဲ့ဒါကို မြန်မာနိုင်ငံအစိုးရက လူသားချင်းစာနာတယ်ဆိုပြီးတော့ သွားကယ်လိုက်တယ်၊ ဟိုင်းကြီးကျွန်းမှာ တွေ့တာကို ကျနော်တို့ ရခိုင်ပြည်နယ်မှာလာထားတယ်၊ အဲ့ဒါကို ဒေသခံတွေက ကိုယ့်ဆီမှာ လာပုံထားတယ်ဆိုပြီးတော့ မကျေနပ်တာပေါ့"

ဒါ့အပြင် ဘူးသီးတောင် မောင်တောနယ်မှာ ဘင်္ဂါလီလူမျိုး အများစုနေထိုင်တာမို့ အခုလိုဒုက္ခသည်တွေကို နယ်မြေတစ်ခုထဲမှာ ပို့ဆောင်ထားရှိတာဟာ လုံခြုံရေး အရ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲတွေကို မြို့နယ်အသီးသီးမှာ ဖွဲ့စည်းထားတဲ့ လူမှုရေးကွန်ရက်တွေက ဦးစီးဆောင်ရွက်တာဖြစ်ပါတယ်။

စစ်တွေမြို့မှာ မိုးအသည်းအထန်ရွာသွန်းနေတဲ့ကြားက ဆန္ဒပြသူ တစ်ထောင်ဝန်းကျင် ဆန္ဒပြကြတာပါ။ ဘူးသီးတောင် မြို့မှာတော့ အာဏာပိုင်တွေက ဆန္ဒပြခွင့် လူ၂၀၀ ကန့်သတ်ပေးပေမယ့် လူ၂၀၀၀ ကျော် လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။