မစ္စတာ ကင်တားနား ထွက်ခွာပေးဖို့ ရခိုင်ဒေသခံတွေ ဆန္ဒပြတောင်းဆို

0:00 / 0:00

စစ်တွေမြို့ကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂရဲ့ မြန် မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်ကင်တားနားကို စစ်တွေမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ရခိုင်ပြည်နယ်ကနေ ထွက်သွားဖို့ ဒီနေ့ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ ကင်တားနားဟာ မွတ်စလင်တွေဘက်က အမြဲတမ်း ဘက်လိုက်ပြောဆိုလို့ ဒေသခံတွေက ကန့်ကွက်တာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ဦးဆောင် ပါဝင်သူ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။

“၈ ကြိမ်မြောက်ကတည်းက ကျမသူ့ကို လှမ်းပြီးတော့ သတိလည်းပေးလိုက်တယ်၊ သူနဲ့တွေ့ဆုံပြီးတော့ ကျမ စကားပြောဖူးတယ်၊ မြန်မာနိုင်ငံထဲကို သူဝင်လာလို့ မသင့်တော်တော့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူ့လို တစ်ဖက်သတ်ဆန်ပြီးတော့ ဘက်လိုက်တယ်မူကို သုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လူ့အခွင့်အရေး မြှင့်တင်သူ မဖြစ်ပဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူဖြစ်နေတဲ့အကြောင်းကို ကျမသူ့ကို တိုက်ရိုက်ပဲပြောလိုက်ပါတယ်၊ အဲတော့ ကျမတို့က သူထပ်မံပြီး ဝင်လာမယ်ဆိုတော့ အံ့လည်းအံ့သြတယ်ပေါ့၊ ပြီးတော့လည်းပဲ ကမ္ဘာ့မီဒီယာတွေမှာလည်း မဖြစ်သင့်တာတွေကို မဖြစ်အောင်လို့ သွေးထိုးလှုံ့ဆော်ပေးနေသူလို့ ကျမတို့ကယူဆတယ်၊ အဲဒီလိုလည်းတွေ့နေရတယ်၊ ဒါ့ကြောင့်မို့လည်း ကျမတို့ကန့်ကွက်ရတာပါ”

မစ္စတာ သောမတ်ကင်တားနားဟာ ဒီနေ့ စစ်တွေအကျဉ်းထောင်ကို သွားရောက်ပြီး အကျဉ်းသားတချို့ နဲ့ တွေ့ဆုံခဲ့သလို မွတ်စလင် ဒုက္ခသည်စခန်းနဲ့ ရခိုင်ဒုက္ခသည်စခန်းကိုလည်း လှည့်လည်ကြည့်ရှုခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ခေါင်းဆောင်တွေ မွတ်စလင်ခေါင်းဆောင်တွေနဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

မစ္စတာကင်တားနားရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ သီလဝါ အထူးစီးပွားရေးဇုန်တွေ ကိုလည်း သွားရောက်လေ့လာမှာဖြစ်ပါတယ်။ မစ္စတာကင်တားနားဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တင်ပြနိုင်ဖို့အတွက် မြန်မာနိုင်ငံကို လာရောက်လေ့လာတာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။